၂၃. ၄. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်သည် နယ်စပ်ဒေသအခြေအနေများကို လေ့လာစုံစမ်း အကဲဖြတ်နိုင်ရန် မဲဆောက်မြို့သို့ ဧပြီ ၂၄ ရက်နေ့တွင်လာရောက်မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများငြိမ်သက်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ခရီးစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ၊ ထိုင်းဒုတိယဝန်ကြီးချုပ် Prommin Lertsuridej က မဲဆောက်မြို့သို့သွားရောက်မည့် ထိုင်းဝန်ကြီးချုပ်၏ခရီးစဉ်ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုခဲ့သော်လည်း ဖျက်သိမ်းခဲ့သောအကြောင်းအရင်းကိုအတိအကျ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

“ထိုင်းဝန်ကြီးချုပ်ဟာ နယ်စပ်ဒေသအခြေအနေတွေနဲ့ မြန်မာနိုင်ငံရဲ့တိုက်ပွဲအခြေအနေတွေကိုလေ့လာစုံစမ်းဖို့ မဲဆောက်မြို့ကို သွားရောက်မှာမဟုတ်တော့ဘူး။ မဲဆောက်မြို့ကိုသွားရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို တာဝန်ပေးလိုက်တယ်”ဟု ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်သွားမည်ဖြစ်ပြီး တိုက်ပွဲများက ထိုင်းနိုင်ငံပိုင်နက်များကို သက်ရောက်မှုမရှိစေလိုကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

မြဝတီမြို့တွင်တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် နေရပ်စွန့်ခွာ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်လာခြင်းများရှိခဲ့ရာ မြန်မာနေရပ်စွန့်ခွာသူများကို ထိုင်းယာယီနားခိုစရာစခန်းများတွင် နေရာချပေးခဲ့သလို ဒဏ်ရာရသူများကိုလည်း မဲဆောက်မြို့ဆေးရုံတွင် ဆေးဝါးကုသ ကူညီပေးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမည့်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ပြီး တိုက်ပွဲ အခြေအနေများနှင့် လူသားချင်းဆိုင်ရာလိုအပ်မှုအခြေအနေများကိုလေ့လာသုံးသပ်မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင်တိုက်ပွဲများလျော့နည်းရပ်စဲသွားသည့်အတွက် နေရပ်စွန့်ခွာခဲ့သော မြန်မာနိုင်ငံသားများ အိမ်ပြန်နေကြောင်းကိုလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *