၂၀. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က ဘန်ကောက်မြို့ Soi Phraya Monthat 9 အရပ်ဒေသရှိ ရထားလမ်းတွင် ရထားအတိုက်ခံရကာ ခေါင်းနှင့်ကိုယ် တခြားစီဖြစ်နေသော ရုပ်အလောင်းကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အခြား မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရထားအတိုက်ခံရသော မြန်မာနိုင်ငံသား၏ ခန္ဒာကိုယ်ကို ဆေးစစ်ခဲ့ပြီးနောက် ထိုးသွင်းဒဏ်ရာအများအပြားတွေ့မြင်ခဲ့ကြောင်း၊ ရထားအတိုက်မခံရခင်တည်းက အသတ်ခံထားခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါလူသတ်မှုကို သံသယရှိသည့်အတွက် စုံစမ်းရှာဖွေခဲ့သလို သက်သေများစုဆောင်းခဲ့ပြီးနောက် ဧပြီ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသားရဲထွန်းနှင့် မောင်စံဆိုသူတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးသည် ၎င်းတို့အပေါ် စွဲဆိုခဲ့သော စွဲချက်များကို အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း CCTV မှတ်တမ်းများနှင့် မျက်မြင်တွေ့ရှိသူ၊ သက်သေ အထောက်အထားများ ခိုင်မာစွာရှိနေသည့်အတွက် နောက်ပိုင်းတွင် ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ သာခန်းရဲစခန်းသည် လူသတ်မှုကျူးလွန်သူများအဖြစ် သံသယရှိနေသည့် မြန်မာနိုင်ငံသားနှစ်ဦး နေထိုင်သည့်အခန်းကို စုံစမ်းရှာဖွေခဲ့ရာအခင်းဖြစ်သည့် ညကဝတ်ဆင်ထားသော အင်္ကျီများကိုတွေ့ရှိခဲ့ပြီး ယင်းအင်္ကျီများတွင် သွေးများ ပေကျံနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုလူသတ်မှု ငွေကြေးကိစ္စအငြင်းပွားရာမှ မြန်မာနိုင်ငံသားနှစ်ဦးသည် အခြားမြန်မာနိုင်ငံသားတစ်ဦးကို ချွန်ထက်သောအရာများဖြင့် ထိုးသတ်ခဲ့ပြီး ရုပ်အလောင်းကို ရထားလမ်းတွင် ချထားခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ အဆိုပါလူသတ်မှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သော မောင်အောင်ဆိုသူသည် ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးနိုင်ရန် ဖမ်းဝရမ်းထုတ်ထားကြောင်း၊ အဆိုပါလူသတ်မှုကို မြန်မာနိုင်ငံသား သုံးဦး ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကာ နှစ်ဦးကို ဖမ်းမိထားပြီးအခြားတစ်ဦးထွက်ပြေးလွှတ်မြောက်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

REF ,Thairath

Leave a Reply

Your email address will not be published. Required fields are marked *