ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာဒေသအတွင်း ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုအားတွေ့ရစဉ်

၁၃. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားဒေသအတွင်းရှိ ဘာလူခါလီ ဒုက္ခသည်စခန်းတွင် ဒီဇင်ဘာ ၉ ရက်ညက ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်၌ ဘင်္ဂါလီနှစ်ဦးသေဆုံးခဲ့ပြီးနောက် ARSA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အပါအဝင် လူ ၇၈ ဦးအား ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက် နံနက်တွင် အမှုသုံးခုဖွင့်ခဲ့ကြောင်း သိရသည်။

ARSA အဖွဲ့ခေါင်းဆောင် အတောလာ အဘူ အမ်မာဂျူနူနီ နှင့် အခြား ၇၇ ဦးအား ရဲတပ်ဖွဲ့က ယူခီယာ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒု-ရဲမှူး ဖာရွတ် အာမက်က ပြောခဲ့သည်။ အဆိုပါဒုက္ခသည်စခန်းများတွင် ARSA လက်နက်ကိုင်အဖွဲ့နှင့် နာဘီ ဟော့စိန် ခေါင်းဆောင်သော အခြား ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တို့အကြား တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုအပေါ် အခြေခံ၍ နယ်မြေစားကျက်လုကြရာမှ ဤကဲ့သို့ ဘင်္ဂါလီနှစ်ဦးသေဆုံးခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၉ ရက်ညက ဘာလူခါလီ စခန်းတွင် ဘင်္ဂါလီလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးအား ပြန်ပေးဆွဲရန် လက်နက်ကိုင် ၄၀ မှ ၅၀ အထိ ရောက်ရှိနေကြောင်း သတင်းပေးချက်အရ ယူခီယာစခန်းရှိ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များ စခန်းသို့ ရောက်ရှိလာချိန်တွင် လက်နက်ကိုင်များက စတင်ပစ်ခတ်ခဲ့ရာမှ အဆိုပါ ဘင်္ဂါလီနှစ်ဦးသေဆုံးခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် လွန်ခဲ့သောလများအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများတိုးပွားလာနေသည်ကို တွေ့ရသည်။ လက်နက်ကိုင်ဂိုဏ်းအဖွဲ့များက မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုအတွက် ထိုစခန်းများကို ထိန်းချုပ်မှုပြုနိုင်ရန် ကြိုးစားလာကြပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဟုဆိုကြသော ဘင်္ဂါလီဒုက္ခသည်စခန်းများ၏ ခေါင်းဆောင်များကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ကာ ခြိမ်းခြောက်လျက်ရှိကြကြောင်းသိရသည်။

Ref,Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *