ရုရှားနှင့် အပေးအယူလုပ်ညှိနှိုင်းဖို့ ယူကရိန်းကို NATO အဖွဲ့ အတွင်းရေးမှူးချုပ် ပြောကြားလာ

၉.၄.၂၀၂၄
Translated by Htwe Ko Tun

ရုရှားအစိုးရနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က တရုတ်အစိုးရအနေဖြင့် ယူကရိန်းအရေးတွင် ဘက်လိုက်မှုမရှိဘဲ မျှတစွာရပ်တည်သကဲ့သို့ အကျပ်အတည်းအခြေအနေကို နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းခြင်းဖြင့် အပြုသဘောဆောင်ရွက်ရန် လိုလားမှုတို့ကြောင့် ရုရှားအစိုးရက အထူးကျေးဇူးတင်ကြောင်း ဧပြီလ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့က ရုရှားအစိုးရပါဝင်ခြင်းမရှိသော မည်သည့် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲမဆို အဓိပ္ပါယ်မရှိ အချည်းနှီးသာဖြစ်လိမ့်မည်ဆိုသည်ကို သဘောတူကြကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းပွဲပြုလုပ်ရာတွင် လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။

လက်ဗ်ရော့ဗ်က ၎င်းတို့နှစ်ဦး၏တွေ့ဆုံမှုတွင် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ လက်ရှိအခြေအနေကိုဆွေးနွေးခဲ့ကြကြောင်း၊ ယူကရိန်းသမ္မတ ဇယ်လန်စကီး၏ ငြိမ်းချမ်းရေးဖော်မြူလာဆိုသည်ကို နေရာပေးမြှင့်တင်ခြင်းနှင့် ရုရှားကိုလျစ်လျူရှုထားပြီး အမှန်တရားနှင့်ကင်းကွာခြင်း မရှိသော မည်သည့်နိုင်ငံတကာ ဆွေးနွေးပွဲမျိုးကိုမဆို ရုရှားနှင့်တရုတ်နှစ်နိုင်ငံစလုံးက ထောက်ခံကြောင်းလည်း ပြောခဲ့သည်။

တရုတ်နိုင်ငံက ယူကရိန်းအရေးနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်တွင်အဆိုပြုခဲ့သော အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေးစီမံချက်ကိုလည်း လက်ဗ်ရော့ဗ်က ယူကရိန်းအကျပ်အတည်းတွင် အခြေခံအရင်းအမြစ် အကြောင်းအရင်းများကို ဖြေရှင်းမှုပြုနိုင်သည့်အစီအစဉ်အဖြစ် ချီးကျူးစကားပြောခဲ့သည်။

ထို့အတူ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံနှင့် ဖွဲ့စည်းထားသည့် မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့(NATO) ၏ အတွင်းရေးမှူးချုပ် ဂျန်းစ် စတိုလ်တန်ဘာ့ဂ်က ယူကရိန်းအနေဖြင့် အနောက်အုပ်စု အကူအညီကိုရရှိဖို့အတွက် ရုရှားနိုင်ငံနှင့် နောက်ဆုံးတွင် ဆွေးနွေးညှိနှိုင်းမှု အပေးအယူပြုလုပ်ရန်လိုအပ်သည်ဟုလည်း တွေ့ဆုံမေးမြန်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

Ref- Tass news

Leave a Reply

Your email address will not be published. Required fields are marked *