၁၂.၁၂.၂၀၂၂
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံတွင် အတည်ပြုလိုက်သော ဥပဒေသစ်ကြောင့် တောင်ကိုရီးယားနိုင်ငံသားများသည် အသက် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ပို၍ငယ်လာကြတော့မည် ဖြစ်သည်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံသားများတွင် အသက်အရွယ်တစ်ခုတည်းသာမကဘဲ နိုင်ငံတကာအသက် (International age)၊ “ကိုရီးယား အသက် (Korean age)” နှင့် “ပြက္ခဒိန်အသက် (Calendar age)” ဟူ၍ သုံးမျိုးရှိသည်။

သို့သော် ထိုသို့ အသက်အရွယ်ရှုပ်ထွေးမှုများကို အဆုံးသတ်ရန် တောင်ကိုရီးယားပါလီမန်သည် ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ တရားဝင်စာရွက်စာတမ်းများအားလုံးတွင် “နိုင်ငံတကာအသက်” ကိုသာ အသုံးပြုရမည်ဟု အမိန့်ပေးခဲ့သည်။

တောင်ကိုရီးယားတွင် လူတစ်ဦး၏ “နိုင်ငံတကာအသက်”သည် ၎င်းတို့ မွေးဖွားလာသည့်နေ့မှစ၍ နှစ်အရေအတွက်ကို သုညမှစတင်ကာ တွက်ချက်ချင်းမျိုးဖြစ်ပြီး အခြားနိုင်ငံအများစုတွင် အသုံးပြုသည့် စနစ်မျိုးဖြစ်သည်။

ယခုလက်ရှိ တောင်ကိုရီးယားလူ့အဖွဲ့အစည်းတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် “ကိုရီးယားအသက်” ဟူသည် မိခင်ဝမ်းတွင်းရှိ အချိန်ကိုပါ ထည့်တွက်ကာ ကလေးများကို မွေးဖွားသည့်နေ့တွင် တစ်နှစ်သားဟု သတ်မှတ်ပြီး နှစ်သစ်ကူးနေ့တွင် အသက်ကို တစ်နှစ် ထပ်မံ ဖြည့်စွက်သည်။

အချို့သော အခြေအနေများတွင် တောင်ကိုရီးယားလူမျိုးများသည် “ပြက္ခဒိန်အသက်” ကို အသုံးပြုကြသည်။ “ပြက္ခဒိန်အသက်”ဟူသည် “နိုင်ငံတကာ အသက်”နှင့် “ကိုရီးယားအသက်”ကို ပေါင်းစပ်သတ်မှတ်ခြင်းမျိုးဖြစ်ပြီး ကလေးများ မွေးဖွားလာသည့်နေ့တွင် သုညနှစ်အဖြစ် မှတ်ယူကာ ဇန်နဝါရီ ၁ရက်နေ့တိုင်းတွင် အသက်ကို တစ်နှစ် ထပ်မံ ဖြည့်စွက်ကြခြင်းဖြစ်သည်။

ဥပမာ “Gangnam Style” သီချင်း အဆိုတော် Psy သည် ၁၉၇၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင်မွေးဖွားခဲ့ပြီး သူသည် အပြည်ပြည်ဆိုင်ရာ အသက်အရွယ်အားဖြင့် ၄၄ နှစ် ရှိပြီဖြစ်ကာ ကိုးရီးယားအသက်အားဖြင့် ၄၆ နှစ်၊ ပြက္ခဒိန်အသက်အားဖြင့် ၄၅ နှစ်ရှိပြီ ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် အသက်အရွယ်ရှုပ်ထွေးမှုများနှင့် ပတ်သက်၍ ကာလရှည်ကြာ ငြင်းခုံဆွေးနွေးမှုများ အပြီးတွင် အဆိုပါ ဥပဒေကို ချမှတ်လိုက်ခြင်းသည် နိုင်ငံအား ကမ္ဘာ့နိုင်ငံအများစုနှင့် လိုက်လျောညီထွေဖြစ်စေပြီး မတူညီသော စနစ်သုံးမျိုး အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် တရားရေးဆိုင်ရာ ကွဲလွဲမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News