MT News
၂၃. ၃. ၂၀၂၄
 
စစ်တွေမြို့၊ ဘုမေကျေးရွာနဲ့ ဘာဆာရာကျေးရွာတွေက ဘင်္ဂါလီလူမျိုးတွေဟာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို တိုက်ပွဲဖော်ဆောင်နေတဲ့ AA လက်နက်ကိုင်အဖွဲ့ အလိုမရှိဘူးလို့ ဒီနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပြန်ပါတယ်။

ဗမာမုန်းတီးရေးလှုံ့ဆော်တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘင်္ဂါလီတွေကိုလည်း ကျွန်အဆင့်မှာ တစ်ဆင့်နှိမ့်ဆက်ဆံကြသလို ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ကုလားတန်စီမံကိန်းချုပ်ကိုင်ချင်ဇောနဲ့ NUG နဲ့ပေါင်းပြီး ဌာနေချင်းလက်နက်ကိုင်တွေ တိုက်ထုတ်နေချိန်မှာ ဘင်္ဂါလီတွေကလည်း သူတို့ကို နှိမ်ပြီးဆက်ဆံတဲ့ ရခိုင်လက်နက်ကိုင် AA ကို အလိုမရှိကြောင်း ဘူးသီးတောင်ဘက်မှာ ဘင်္ဂါလီ ၂၀၀၀ ကျော်က အခုမတ်လ တတိယအပတ်မှာ ဆန္ဒပြအပြီး စစ်တွေမှာ AA ကို ဒီနေ့ ဆန္ဒပြမှုထပ်ဖြစ်တာပါ။

ရခိုင်လက်နက်ကိုင် AA ရဲ့ ဘင်္ဂါလီတွေအပေါ် ဖိနှိပ်မှုကိုဆယ်စုနှစ်ချီရင်ဆိုင်ခဲ့ရတဲ့ ဘင်္ဂါလီတွေက ဒီနေ့မနက် ၉ နာရီခွဲခန့်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနဲ့ ဘာဆာရာကျေးရွာကနေ ဒေသ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဘင်္ဂါလီလူမျိုး အင်အား ၁၅၀၀ ကျော်စုဝေးပြီး ဘုမေကျေးရွာနဲ့ ဘာဆာရာ ကျေးရွာခြင်းဆက် လမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ချီတက် ဆန္ဒဖော်ထုတ်ကြသလို မနက် ၁၀ နာရီခွဲခန့်မှာအေးချမ်းစွာ လူစုခွဲခဲ့ကြတာပါ။

ချီတက်ရာ လမ်းတစ်လျှောက်လည်း “AA အလိုမရှိ၊ စစ်တွေမြို့ကိုကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ လူနေရပ်ကွက်ထဲကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည့် AA သောင်းကျန်းသူအလိုမရှိ၊ စစ်တွေမြို့တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသော AA သောင်းကျန်းသူအဖွဲ့အလိုမရှိ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော NUG၊ AA အလိုမရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုအလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာနဲ့ သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်က Dhaka Trubune က AA နဲ့ ARSA လက်နက်ကိုင်တွေဟာ ဘင်္ဂါလီဒုက္ခသည်တွေကို လူကုန်ကူးပြီး အကျိုးအမြတ်ရယူတယ်လို့ရေးသားအပြီးမှာ ဒီလိုမျိုး ဘင်္ဂါလီတွေရဲ့ ဆန္ဒပြမှု ဆက်တိုက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပုံစာ။ ဘင်္ဂါလီများကို ဖိနှိပ် လူကုန်ကူးနေသော AA လက်နက်ကိုင်များအား ဆန္ဒပြနေသည့်မြင်ကွင်း(Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *