၂၂.၃.၂၀၂၄
Translated by Htwe Ko Tun

(The Defense Post က ပြန်လည်ဖော်ပြထားသော Myanmar Rebels Deploy Drone Fleet to Push Back Military ကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုထားပါသည်)

မြန်မာနိုင်ငံမှ ချင်းလက်နက်ကိုင်သောင်းကျန်းသူများက ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်အနောက်မြောက်ဘက်တွင် နယ်မြေအချို့ကို အစိုးရတပ်ဖွဲ့များထံမှ သိမ်းယူနိုင်ခဲ့ရာ၌ မောင်းသူမဲ့ဒရုန်းလေယာဉ်များ၏တပ်ဖွဲ့အသစ်က ၎င်းတို့ကိုအထောက်အကူပြုကြသည်ဟု အသိအမှတ်ပြုကြသည်။

ယခုအခါ ချင်းပြည်နယ်၏ ၇၀ ရာခိုင်နှုန်းကို CNA/CNF ဟုခေါ်သော ချင်းလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားကာ အရပ်ဘက်နှင့်စိုက်ပျိုးရေးလုပ်ငန်းသုံးတွဲဖက် မောင်းသူမဲ့လေယာဉ်(Drone) ထောင်နှင့်ချီ၍ တပ်ဖြန့်ထားသည်ဟု The Guardian သတင်းစာက ဖော်ပြခဲ့သည်။ ၎င်းတို့အနက် အများစုက တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကာ အမေရိကန်ကဲ့သို့ အနောက်နိုင်ငံလုပ်များလည်းပါသည်ဟု သတင်းကဆိုသည်။

CNA က တစ်ချိန်က အရပ်သားများဖြစ်ခဲ့ကြသူအများစုဖြင့် မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့တစ်ခုကို လွန်ခဲ့သောတစ်နှစ်ခန့်ကစ၍ ဖွဲ့စည်းခဲ့ကြသည်။ ၎င်းတို့က You Tube သင်တန်းများအပါအဝင် လအတန်ကြာ လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။

CNF တို့၏ လက်ထောက်အတွင်းရေးမှူးချုပ်ဟုဆိုသူ Ram Kulh Cung က မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့ကို ဝါသနာအရ မောင်းသူမဲ့လေယာဉ်များနှင့်ပတ်သက်၍ ဗဟုသုတရှိကြသူအချို့နှင့် အင်ဂျင်နီယာ ကျောင်းသားများဖြင့်ပူးပေါင်းကာကျွမ်းကျင်သောလူငယ်ပါဝင်လျက် ဖွဲ့စည်းခဲ့ခြင်းဟု ပြောခဲ့သည်။ တပ်ဖွဲ့အား ကျွမ်းကျင်မှုမြှင့်တင်ရန်နှင့် အင်အားတိုးချဲ့ရန် အင်တာနက်ကို အားထားဆောင်ရွက်နေကြောင်းလည်း ၎င်းကပြောခဲ့သည်။

CNF တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ အိန္ဒိယနိုင်ငံနှင့်နယ်စပ်အနီးရှိ ချင်းပြည်နယ်အတွင်းမှ မြို့ခုနှစ်မြို့ကိုသိမ်းယူခဲ့ရာ အစိုးရတပ်ဖွဲဝင် ၄၀၀ ခန့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်သို့ ဆုတ်ခွာပြေးခဲ့ရသည်ဟုလည်း Ram Kulh Cung က ပြောခဲ့သည်။

၎င်းက “ကျွန်တော်တို့အောင်မြင်မှုရဲ့ အဓိကအချက်ကတော့ မောင်းသူမဲ့လေယာဉ်တွေကြောင့်ပဲ။ လပေါင်းများစွာစီစဉ်လေ့ကျင့်ခဲ့ပြီးမှ တိုက်ပွဲဝင်ခဲ့တာပါ” ဟု ပြောခဲ့သည်။

ဂျက်လေယာဉ်များဖြင့်တိုက်ခိုက်မှုက ရန်သူထောင်ပေါင်းများစွာဆုံးရှုံးစေသော်လည်း ငွေကြေးအကုန်အကျများကာမောင်းသူမဲ့လေယာဉ်(Drone)တပ်ဖွဲ့ကမူ ငွေကြေးအနည်းငယ်ဖြင့် ဖွဲ့စည်းစစ်ဆင်နိုင်ကြသည်ဟုလည်း The Guardian က ဖော်ပြခဲ့သည်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *