၂၀. ၃. ၂၀၂၄
Written by Nyein Kyaw

ဆီစက်များကို အဆင့်မြင့်စက်ပစ္စည်းတိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းတို့အပြင် လုပ် ငန်းသုံးရင်းနှီးငွေ လိုအပ်နေသည့် ပြည်တွင်းရှိ ဆီစက်လုပ်ငန်းရှင်များအား အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က အသိ‌ပေးကြေညာထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည် ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူ ထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာမှုရှိသော ချေးငွေများကို ထုတ်ချေးပေးနေခြင်းဖြစ်သည်။

ဆီစက်လုပ်ငန်းများအနေဖြင့် လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေအနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ထုတ်ချေးနိုင်ပြီး မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ထုတ်ချေးနိုင်မည်ဖြစ်သည်။

ကျပ်သိန်း ၃၀၀၀ အထက်ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို တစ်နှစ်လျှင်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် လုပ်ငန်းလှည့်ပတ်ရင်းနှီးငွေအတွက် သက်တမ်းကာလ (၁)နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေအတွက် သက်တမ်းကာလ (၃) နှစ် (၃) ရစ်ဆပ်ရမည်ဖြစ်သည်။

ချေးငွေထုတ်ချေးပေးလိုသည့် ဆီစက်လုပ်ငန်းများသည် လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်ဖြစ်ပြီး လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိရမည်ဖြစ်ကာ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားရမည်ဖြစ်ပြီး FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတွင် လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့ပြင် ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal.gov.mm/ ၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com၊ MEB website www.meb.gov.mm၊ MADB website www.madb. gov.mm တို့တွင် download ရယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

ပုံစာ-ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက MAPCO မှ ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (ပြည်ထောင်စုနယ်မြေ) တည် ဆောက်ရေးလုပ်ငန်း စတင်ခဲ့မှုကို တွေ့ရစဉ်။ (Photo-MRF)

Leave a Reply

Your email address will not be published. Required fields are marked *