MT News
၁၈. ၃. ၂၀၂၄

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း(၇)ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေး (7 NCA-S EAO Summit)ကို ၂ဝ၂၄ ခုနှစ်၊ မတ်လ(၁၇- ၁၈ ရက်နေ့ ) တွေက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မျက်နှာစုံညီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်တာ၊ ပြင်ဆင်ရေး အလုပ်အဖွဲ့က တင်သွင်းတဲ့နိုင်ငံရေးဆိုင်ရာအဆိုပြုချက်တွေနဲ့ 7 NCA-S EAO ပြန်လည် ဖွဲ့စည်းမှုဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်း (Regulation) တို့ကိုဆွေးနွေးခဲ့ကြတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ 7 Ethnic Armed Organizations Alliance -7 EAO Alliance ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

7 EAO Alliance ဟာ လျင်မြန်စွာဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို အကျေအလည် ဆွေးနွေးပြီး နိုင်ငံရေးသဘောထား ၃ ချက် ချမှတ်ခဲ့သလို အဲဒီအချက်တွေက….”(က) မိမိတို့၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်သွားရန်၊ (ခ) 7 EAO Alliance သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏သဘောထားများဖော်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားရန်၊ (ဂ) ရည်မှန်းချက်များအနေဖြင့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ် လာစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပသွားရန်၊ လက်ရှိပဋိပက္ခကိုဖြေရှင်းရာတွင် ငြိမ်းချမ်းစွာအဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန်တာဝန်ရှိခြင်းကိုသိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားရန်။” အချက်တွေ ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မျက်နှာစုံညီအစည်းအဝေးကြီးက ချမှတ်ထားတဲ့နိုင်ငံရေးလုပ်ငန်းစဉ် အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့အတွက် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းတို့ ဦးဆောင်တဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ခဲ့သလို မျက်နှာစုံညီအစည်းအဝေးက ချမှတ်လိုက်တဲ့လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖော်ဆောင်နိုင်ရေးအတွက် ဗိုလ်မှူးကြီးစိုင်းငင်းဦးဆောင်တဲ့ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းခဲ့သလို 7 EAO Alliance အနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ဆက်လက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *