၁၈.၃.၂၀၂၄
Written by Thin Zar

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ ရွှေကျောင်းဘုန်းကြီးကျောင်းဒုက္ခသည်စခန်းတွင် အမျိုးသားတစ်ဦး ဆန်ဖိုးမရှိသောကြောင့် ငါးထွက်မျှားရာက မိုင်းပေါက်ကွဲ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၇ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ရွှေကျောင်းဘုန်းကြီးကျောင်းဒုက္ခသည်စခန်းအနီးရှိ ရေမြောင်းဘေးတွင် ငါးမျှားရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်အပေါ် MT News မှ ဆက်သွယ်မေးမြန်းရာ”ဆန်မရှိလို့ ရေမြောင်းထဲ ငါးလိုက်မျှားတာ။ အဲ့ဒီမှာမိုင်းနင်းမိပြီးတော့ ဒဏ်ရာတွေများကြီးရတာ။ သူကစစ်ဘေးရှောင်နေတဲ့သူ” ဟု ဖြစ်စဥ်ကိုသိရှိသူတစ်ဦးက ဆိုသည်။

မိုင်းပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိသည့် အသက် (၂၂) နှစ်အရွယ် မောင်သိန်းနိုင်မှာ ပလက်ဝမြို့၊ ဇိန်းဇောင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး၊ ၎င်းနှင့်အတူ အမျိုးသမီးနှင့် လသားအရွယ် ကလေးနှင့်အတူ ရွှေကောင်းဘုန်းကြီးကျောင်းဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ထိုဖြစ်စဥ်ကိုသိရှိသူဒေသခံက “ဒုက္ခသည်တွေက (၄၀၀) ဝန်းကျင်လောက်ရှိတယ်။ ဒါတောင် ကျန်တဲ့ နေရာတွေလည်းအများကြီး။ ခုဖြစ်တဲ့နေရာနဲ့ တပ်စခန်းနဲ့ကနီးတယ်။ ခုမိုင်းနင်းမိတဲ့ကောင်လေးက သူကအဲ့ဒီဘက်ကရေမြောင်းမှာ အမြဲတမ်းငါးမျှားနေတဲ့သူ။ ဖြစ်တဲ့နေရာနဲ့က ဆိုင်ကယ်နဲ့ဆို ၅ မိနစ်လောက်သွားရတယ်။ လမ်းလျောက်ရင် မိနစ် ၂၀ ဝန်းကျင်လောက်ပဲသွားရင်ရောက်တယ်” ဟု ဆက်လက်ပြောသည်။

ထိုမိုင်းပေါက်ကွဲမူကြောင့် မောင်သိန်းနိုင်၏ ညာဘက်ခြေထောက်မှာ ပြတ်ထွက်သွားပြီး၊ ဘယ်ဘက်ခြေထောက်တွင်လည်း ဒဏ်ရာများရရှိခဲ့သည့်အပြင် မေးစေ့အောက်နှင့် ခန္တာကိုယ်တို့တွင်လည်း မိုင်းစထိမှန်သည့် ဒဏ်ရာများရရှိသောကြောင့် ဆေးကုသမူခံယူနေရကြောင်း သိရသည်။

“IC/RC အဖွဲ့ကလည်း လာဖို့အစဥ်မပြေလို့ မလာရဘူး။ ခုလက်ရှိဆေးရုံမှာကလည်း ဆေးပစ္စည်းတွေကလည်း မစုံကြဘူး။ ဆရာဝန်တွေလည်း အစုံမရှိကြဘူး။ အခု ကောင်လေးတွေရဲ့ မိသားစုကလည်း ဆေးကုဖို့ ဆေးဖိုးဝါးခအခက်အခဲဖြစ်နေတယ်” ဟု ပလက်ဝမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

မောင်သိန်းနိုင်အား မိဘပြည်သူ၊ ညီအစ်ကို မောင်နှမများအနေဖြင့် ကူညီလိုပါက ၎င်းကိုကူညီပေးနေသည့် ကိုရွှေလူး၏ ဖုန်း ၀၉-၄၀၇၉၁၇၆၄၉ နှင့် ၀၉-၆၆၈၈၂၂၄၂၁ တို့အား ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *