နိုင်ငံရေးဘောင်ကျဥ်းပြီးစစ်ဘောင်ကျယ်နေချိန် NCA ၇ ဖွဲ့ထိန်းချုပ်ရာဒေသများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်မှုစတင်ရမည်ဟု ယွက်စစ် ပြော

၁၇. ၃. ၂၀၂၄
Written by Nay Moe

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့ရဲ့ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit)ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့စတင်ကျင်းပနေပြီး သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်နှုတ်ခွန်းဆက်စကား ​ပြောကြားခဲ့ပါတယ်။

ဒီမျက်နှာစုံညီအစည်းအဝေးမှာ ပြင်ဆင်ရေးအလုပ်အဖွဲ့က NCA (၇)ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များ (မူကြမ်း)နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) တို့ကို အကြေအလည် ဆွေးနွေးပြီး အတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်လို့လည်း ယွက်ဆစ်ကပြောပါတယ်။

စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးရင် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာလိုက်နာဆောင်ရွက်နိုင်မှ အလုပ်ဖြစ်မယ်ဆိုတာနဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေက နေ့စဉ်နဲ့အမျှပြောင်းလဲနေပြီး NCA (၇)ဖွဲ့ထဲက တချို့အဖွဲ့တွေ တိုက်ပွဲဝင်နေတာတွေရှိခဲ့သလို ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာ ဖြစ်ပြီး လက်ရှိအခြေအနေတွေဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ယွက်စစ်က ပြောပါ်တယ်။

ဒီနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေသလို NCA (၇)ဖွဲ့အနေနဲ့ EAO (၁၂)ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာ ဖြစ်တဲ့အပြင် NCA (၇)ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးတွေမှာ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ကြောင်း၊ မိမိတို့ ဒေသတွေမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားရမှာ ဖြစ်ကြောင်း၊ တဖက်မှာလည်း NCA (၇)ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာ ခွဲလုပ် ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ယွက်စစ်က ပြောပါတယ်။

ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်ခြင်း အပါအဝင် အခြားအရေးပါတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပြီး (၃)ရက်တာ ကျင်းပတဲ့ မျက်နှာစုံညီအစည်းအဝေးမှာ အားလုံး လက်ခံနိုင်တဲ့ ရလာဒ်ကောင်းတွေ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြဖို့လည်း ယွက်စစ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *