◼️ ထိုင်းနိုင်ငံမှာ သက်ဆင် နောက်တစ်ကျော့ပြန်လာလေမလား စောင့်ကြည့်သူများရှိနေ
၁၅. ၃. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်က အငြိမ်းစားလွှတ်ပေးခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ပြစ်ဒဏ်မှကင်းလွတ်ပြီးနောက် ပထမဆုံးသောခရီးစဉ်အဖြစ် သူ့ရဲ့မွေးရပ်မြေ ချင်းမိုင်မြို့သို့ မတ်လ ၁၄ ရက်နံနက်က သုံးရက်ကြာလည်ပတ်ရန် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
သက်ဆင်က သားအကြီးဆုံး ပင်တုံတဲ ရှင်နာဝပ်ထရာ၊ သမီးဖြစ်သူနှစ်ဦးဖြစ်တဲ့ ဖျူထိုင်းပါတီ ဥက္ကဋ္ဌ ပေတုံတန်၊ သမီးအကြီး ပန်တုံတာ တို့နဲ့အတူ ချင်းမိုင်မြို့ ထိုင်းလေတပ်အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး သက်ဆင်အဖို့ ၁၇ နှစ်တာကာလအတွင်း မွေးရပ်မြေကို ပထမဆုံးပြန်လည်ရောက်ခဲ့တာလို့လည်း ဆိုပါတယ်။
သက်ဆင်ရဲ့ခရီးစဉ်အတွင်းမှာ ဝန်ကြီးတွေ၊ အစိုးရအရာရှိကြီးတွေကလည်း မလိုဘဲနဲ့ ဇာချဲ့ကာ တကယ့်ကို နိုင်ငံတော်ရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးလာရောက်စစ်ဆေးသလို စီမံကိန်းတွေနဲ့ပတ်သက်လို့ တင်ပြမှုတွေတောင်ရှိခဲ့ကြတယ်လို့ တချို့ကလည်း ဝေဖန်ကြပါတယ်။ ခရီးစဉ်အတွင်းမှာလည်း ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဆူရာ ချာတီ ဟတ်ပန်က လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

မတ်လ ၁၅ ရက်မှာတော့ သက်ဆင်က ချင်းမိုင်ဆရာတော် ရုပ်တုကို ကြည်ညိုဖူးမြော်ဖို့ လာခဲ့ရာမှာ လည်း အစိုးရအရာရှိကြီးတွေ၊ ပြည်နယ်အရာရှိတွေ အားလုံး တက်ရောက်ပြီး အရေးကြီး ပုဂ္ဂိုလ်တစ်ဦးကို ကြိုဆိုသလို ကြိုဆိုခဲ့ကြတာပါ။ ဒါတွေက ထိုင်းနိုင်ငံမှာ သက်ဆင်ရဲ့ အာဏာလွှမ်းမိုးမှု ပြန်ရှိလာလေမလား စိုးရိမ်မှုတွေကို ပိုလို့တောင်မြင့်လာစေပါတယ်။
ဒါ့အပြင် ဥရောပခရီးစဉ်က ပြန်ရောက်လာခဲ့တဲ့ ဝန်ကြီးချုပ် ဆရီသာ သာဗက်ဆာ ကလည်း မတ်လ ၁၅ ရက်မှာ ချင်းမိုင်ကို ခရီးထွက်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဒေသအတွင်း တောမီးလောင်ကျွမ်းမှုတွေကို စစ်ဆေးဖို့သွားရောက်မှာလို့ဆိုပါတယ်။ဒါပေမယ့် ဝန်ကြီးချုပ်က သူနဲ့ သက်ဆင်တို့ တောမီးလောင်ကျွမ်းမှုကို အတူတူ သွားကြည့်ကောင်းကြည့်နိုင်တယ်လို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလိုအချက်တွေကြောင့်ပဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြစ်ဒဏ်ကလွတ်မြောက်လာပြီးနောက်မှာတော့ ထိုင်းနိုင်ငံမှာ သက်ဆင် နောက်တစ်ကျော့ပြန်လာလေအုံးမလား စိုးရိမ်နေကြသူတွေကတော့ သက်ဆင်ရဲ့ ချင်းမိုင်ခရီးကို စောင့်ကြည့်နေကြပါတယ်။
Ref- Bangkok Post, Nation Thailand


