၁၄. ၃. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံမှာ ဖျော်ဖြေရေးလုပ်ငန်းခွင်တွေကို ဝင်ရောက်စစ်ဆေးရှာဖွေတဲ့ စစ်ဆင်ရေးတစ်ခုအတွင်း ဆူရတ်ဿနီပြည်နယ်ရှိ ခိုဖာငန်ကျွန်းပေါ်က ရုရှားနိုင်ငံသားတစ်ဦးပိုင်တဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးအတွင်း တာဝန်ရှိသူ အရာရှိတွေက ဘောရစ်စ် အမည်ရှိ ရုရှားအမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ Colorful Hut စားသောက်ဆိုင်ကို ဝင်ရောက် စစ်ဆေးခဲ့တာဖြစ်သလို ရုရှားနိုင်ငံသားဟာလည်း မြန်မာနိုင်ငံသား သုံးဦးကို ခေါင်းပုံဖြတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၃ ဦးဟာ အသက် ၁၈ နှစ်အရွယ် နေလင်းနိုင်၊ အသက် ၃၄ နှစ်အရွယ် မင်းနိုင်လင်းနဲ့ အသက် ၃၃ နှစ်အရွယ် မသင်းသင်းအေးတို့ဖြစ်ပြီး နိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်နေထိုင်ခြင်းအပါအဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာအလုပ်သမားတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ရုရှားနိုင်ငံသားဟာလည်း နိုင်ငံခြားသားအလုပ်သမားတွေငှားရမ်းတာကို သတ်မှတ်ထားတဲ့ ၁၅ ရက်အတွင်း အာဏာပိုင်တွေကိုအကြောင်းကြားဖို့လျစ်လျူရှုခြင်းအပါအဝင်စွဲချက်များစွာကို ရင်ဆိုင်နေရပြီး အဲ့ဒီစွဲချက်တွေထဲမှာ နိုင်ငံခြားအလုပ်သမားတစ်ဦးကို အလုပ်ပါမစ်ရဲ့ ပြင်ပတာဝန်တွေ အထူးသဖြင့် ငွေကိုင်အဖြစ် ဆောင်ရွက်ခွင့်ပြုခြင်း၊ လိုအပ်တဲ့ အလုပ်ပါမစ်မပါဘဲ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်ခြင်း၊ အာဏာပိုင်တွေကို ရှောင်တိမ်းနေတဲ့ နိုင်ငံခြားသားတွေကို အမိုးအကာနဲ့ အကူအညီတွေပေးခြင်းဖြင့် တရားမဝင် ဝင်ရောက်နေထိုင်မှုကို ကူညီပေးခြင်း စတဲ့ စွဲချက်တွေလည်း ပါဝင်ပါတယ်။
Ref; The Thaiger
