၄. ၃. ၂၀၂၄
Written by Nyein Kyaw

SAC အစိုးရကိုယ်စားပြုအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့အကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာအာဏာသည် ဆက်လက် ခိုင်မြဲလျက်ရှိသကဲ့သို့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးရေး၊ နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုများ စီမံခန့်ခွဲမှုသည် မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရများအောက်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မီဒီယာများ၊ အဖွဲ့အစည်းများ မေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပွဲရဲ့အကြောင်းအရာတွေ၊ သဘောတူညီမှုများနဲ့ ပတ်သက်ပြီး တိကျခိုင်လုံမှုမရှိဘဲနဲ့ ဒါလိုရာဆွဲပြီး ပြောဆိုနေတာတွေ၊ ဖြစ်ချင်တာတွေကို ပြောဆိုနေတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဦးဆုံး အသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ဒီလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ် ဖက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ ဆွေးနွေးပွဲအမျိုးအစားများ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ဆွေးနွေးပွဲအကြောင်းအရာများနဲ့ သဘောတူညီချက်များကို ပြောကြားမှာမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ ကောလာဟလအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက်အသိပေးရမှာကိုပဲ ပြောကြားလိုပါတယ်။ အဲဒါတွေကတော့ နံပါတ် ၁ အချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကို ရှေးရှု့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။ နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံအစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။ နံပါတ် ၄ အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပါတ် ၅ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး လုံခြုံရေးကိုထိခိုက်စေတဲ့ မူယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုတွေ၊ Cyber မှုခင်းကိစ္စတွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမှာဖြစ်ပါတယ်။ နံပါတ် ၆ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ပိုက်နက်နယ်မြေတွေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာမဟုတ်ပါဘူး။ နံပါတ် ၇ အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ SAC အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့အကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးချိန်တွင် ကိုးကန့်ဒေသသည် MNDAA ကို ရှမ်းပြည်နယ်အထူးဒေသ တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ AA၊ TNLA နှင့် MNDAA တို့ သိမ်းယူထားသည့် မြို့များကို ၎င်းတို့ပိုင်နက်အဖြစ် SAC အစိုးရက အသိအမှတ် ပြုပေးခဲ့‌ကြောင်း၊ နှစ်ဖက်လုံးမှ တပ်များသည် သဘောတူညီထားသည့် နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ချင်းခွာရန်၊ AA၊ TNLA နှင့် MNDAA တို့က တရုတ်နိုင်ငံ၏ အမျိုးသားအကျိုစီးပွား ထိခိုက်မှုမှန်သမျှကို ရှောင်ရှား၍ ကာကွယ်စောင့်ရှောက်ရန် စသည်တို့ သဘောတူညီမှုရရှိခဲ့ကြောင်း အချို့သော မီဒီယာများတွင် သတင်းမှားများ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချင်းရွှေဟော်တွင် မြန်မာအစိုးရ၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်၏ အလားတူအဖွဲ့အစည်းတို့ကလည်း ပူးတွဲတာဝန်ယူရန်၊ ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကူးသန်းသွားလာမည့် ကုန်စည်များအပေါ် အခွန်စည်းကြပ် ကောက်ခံရရှိငွေ ၇၀ ရာခိုင်နှုန်းအား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကိုယ်စား ကိုးကန့်အစိုးရက ရယူပြီး SAC အစိုးရက ၃၀ ရာခိုင်နှုန်း ရယူရန်တို့ကို သဘောတူညီမှုရရှိခဲ့ကြောင်း မဟုတ်မမှန်ရေးသား ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုသတင်းမှားများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *