မြန်မာအစိုးရက ကျားဖြန့်တွင်ပတ်သက်လုပ်ကိုင်ခဲ့သူ ၄၄,၀၀၀ ဦးကို တရုတ်အစိုးရသို့ လွှဲပြောင်းပေးပြီးဖြစ်

၂. ၃. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများတွင် ရောက်ရှိလုပ်ကိုင်နေခဲ့ကြသော လူကုန်ကူးခံထားရသူများဟုဆိုရမည့် အလုပ်သမားရာပေါင်းများစွာကို တရုတ်အစိုးရက လေကြောင်းဖြင့် ပြန်လည်ပို့ပေးလျက်ရှိကြောင်းသိရသည်။

တရုတ်အစိုးရက အဆိုပါ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်း ပိတ်ပစ်ရန် မြန်မာအစိုးရနှင့် လက်နက်ကိုင်အုပ်စုများသို့လည်း ဖိအားပေးခဲ့သည်။ အဆိုပါ ကျားဖြန့်လုပ်ငန်းများမှ အမြတ်ရရှိငွေများက မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုများနှင့် ပုန်ကန်တိုက်ခိုက်မှုများအတွက် အသုံးပြုရန်လည်းဖြစ်ခဲ့ရသည်။ ၂၀၂၃ ခုနှစ် အကုန်ပိုင်းတွင်မူ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် လူမျိုးစုလက်နက် ကိုင်များက စစ်ရေးအရေးသာမှုအချို့ရှိပြီးနောက် ကျားဖြန့်လုပ်ငန်းစခန်းများ ပိတ်ပစ်ခဲ့ရကာ ၎င်းတို့ တွင် လုပ်ကိုင်နေသော လူကုန်ကူးခံရသူများအများအပြားပါဝင်သည့် တရုတ်လူမျိုးများကို မြန်မာအစိုးရက တရုတ်ရဲတပ်ဖွဲ့သို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

နောက်ဆုံးအနေဖြင့်မူ ကရင်လက်နက်ကိုင်များ ထိန်းချုပ်ထားရာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ဖမ်းဆီးရမိခဲ့သူများဖြစ်သည်။ ထိုလုပ်ငန်းများမှ ဖမ်းမိခဲ့သူများကိုပြန်ပို့ရန် ပြန်လည်ပို့ဆောင်ရေးလေကြောင်းခရီးစဉ်များကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှပြုလုပ်နေခြင်းဖြစ်ရာ လေယာဉ်ခရီးစဉ်တစ်ခုလျှင် လူ ၁၅၀ ဦးလိုက်ပါနိုင်ကာ ပထမဆုံး တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင် လာခဲ့သူ စုစုပေါင်း ၁,၀၀၀ ခန့်ရှိသည်ဟု သိရသည်။

ကုလသမဂ္ဂက ထိုသို့လူကုန်ကူးခံရသူများမှာ မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စခန်းများတွင် ၁၂၀,၀၀၀ ခန့်ရှိမည်ဟု ၂၀၂၃ ခုနှစ်က ခန့်မှန်းခဲ့သည်။ ၎င်းတို့အများအပြားမှာ လွယ်ကူသောအလုပ်များတွင် လစာ ကောင်းကောင်းရမည်ဟုလှည့်စားခေါ်ယူခြင်းကို ယုံကြည်ပြီးလာရောက်လုပ်ကိုင်ကြခြင်းဖြစ်ကာ လက်တွေ့တွင် ၎င်းတို့မှာ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းများ၌ အကျဉ်းသမားများကဲ့သို့ပင် နေထိုင်ခဲ့ကြရပြီး အဓမ္မခိုင်းစေမှုများအတိုင်းလုပ်ကိုင်ခဲ့ရကာ ၎င်းတို၏လုံခြုံစိတ်ချရမှုကိုပါ ခြိမ်းခြောက်ခံခဲ့ရခြင်းဖြစ်သည်။အများအပြားမှာ နှိပ်စက်ညှင်းပန်းမှုများခံကြရပြီး လူသားမဆန်သော ဆက်ဆံမှုများဖြင့် ပြုမူဆက်ဆံခံခဲ့ကြရသည်။

ထိုကျားဖြန့်စခန်းများမှရရှိသောဒေါ်လာဘီလျံပေါင်းများစွာက တရုတ်နိုင်ငံ၏ မြေအောက်ဒုစရိုက်ဂိုဏ်းများနှင့် ထိုင်းနယ်စပ်တစ်လျှောက် လက်နက်ကိုင်အုပ်စုများအတွက်ပါ အကျိုးအမြတ်ရရှိစေခဲ့သည်။ သို့သော်မကြာမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်းတွင်မူ ကျားဖြန့်စခန်းပေါင်းများစွာပိတ်ပစ်ခဲ့ရကာ မြန်မာအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန က ၎င်းတို့တွင်ပတ်သက်လုပ်ကိုင်ခဲ့သူ ၄၄,၀၀၀ ဦးကိုလည်း တရုတ်အစိုးရသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်းကြေညာခဲ့သည်။

၎င်းအလုပ်သမားများအနက်အများစုကို လူကုန်ကူးခဲ့ကာ အဓမ္မခိုင်းစေမှုများပြုခဲ့သော တရုတ်စစ်ဘုရင်သုံးဦးလည်းပါကာ ဇန်နဝါရီလက တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Ref- bbc

Leave a Reply

Your email address will not be published. Required fields are marked *