၂. ၃. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့နိုင်ခြင်းကြောင့် ဝင်‌ငွေများ တိုးတက်ရရှိလာပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ပါဝင်‌ဆောင်ရွက်နေကြသူများ အားလုံးက ကောင်းမွန်သော အခြေခံစိတ်ဓာတ်ဖြင့် လုံ့လ၊ ဝီရိယ ပေါင်းစပ်၍ အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများတွင် အပါအဝင်ဖြစ်သော တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပါက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့် လူနေမှုဘဝတိုးတက်လာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တောင်သူလယ်သမားကြီးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများအနက် အဓိက သီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်းစသည့် သီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးသွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သီးနှံအလိုက် နှစ်စဉ်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး အဓိကကျသော သီးနှံအထွက်နှုန်းတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ စပါးဧက ၁၇ သန်း၊ ပဲမျိုးစုံဧက ၁၀ ဒသမ ၅၇ သန်း၊ ဆီထွက်သီးနှံဧက ၈ ဒသမ ၂၄ သန်း၊ အစေ့ထုတ်ပြောင်းဧက ၁ ဒသမ ၆ သန်းနှင့် ဝါသီးနှံဧက သုည ဒသမ ၅၂ သန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် တောင်သူလယ် သမားကြီးများအား ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ စိုက်ပျိုးထားသော သီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှုများရှိနေပြီး အဆိုပါဖြစ်စဉ်များကြောင့် စားရေရိက္ခာ မလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့ကို ကြိုတင်စဉ်းစားလုပ်ဆောင်ကြရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်ကလည်း အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧကများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *