၂၈. ၂. ၂၀၂၄
Written by Nay Aung

ကမ္ဘာတဝှမ်းရှိအချက်လက်များကို ပုံမှန်ဖော်ပြနေသည့် Statista အဖွဲ့သည် မကြာသေးမီက ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ပြည်ပသို့ ဆန်တင်ပို့မှုအများဆုံးပြုလုပ်နေသောနိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်း မက်ထရစ်တန်တင်ပို့ခဲ့၍ ဆန်တင်ပို့မှုအများဆုံး ကမ္ဘာအဆင့် ၈ နေရာတွင် ရပ်တည်နေခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်အများဆုံးတင်ပို့သော ကမ္ဘာ့နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ကမ္ဘာ့အဆင့်ဒုတိယနေရာတွင် ရပ်တည်နေပြီး ထိုင်းနိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၈ ဒသမ ၂သန်း မက်ထရစ်တန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ကမ္ဘာတဝှမ်းသို့ ဆန်တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၆ ဒသမ ၅သန်း မက်ထရစ်တန် တင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်အများဆုံးတင်ပို့သော ကမ္ဘာနိုင်ငံများ၏ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာဆီယံဒေသအတွင်းရှိ နိုင်ငံပေါင်း ၄ နိုင်ငံ ပါဝင်နေပြီး တရုတ်၊ ပါကစ္စတန်၊ အမေရိကန်၊ ဥရုဂွေး၊ ဘရာဇီးနိုင်ငံတို့ကလည်း ထိပ်ဆုံး ၁၀ နိုင်ငံအတွင်းပါဝင်နေကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ကမ္ဘာတဝှမ်းတွင် ဆန်တင်ပို့မှုများမြင့်တက်လာနေပြီး ဆန်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။၂၀၀၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကမ္ဘာတဝှမ်းတွင် ဆန်စားသုံးသူအရေအတွက်က မြင့်တက်လာခဲ့ပြီး ဆန်စားသုံးသူအရေအတွက်က မက်ထရစ်တန်ချိန် သန်း ၈၀ ကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။

Ref statista

Leave a Reply

Your email address will not be published. Required fields are marked *