၂၈. ၂. ၂၀၂၄
Written by Ye Kyaw

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများ မတ်လအတွင်း ထုတ်ဝေမည်ဆိုသည့် ကောလာဟလသတင်းများ ပြန်ငြိမ်သွားသော ကြောင့် ပြည်တွင်းရွှေဈေးသည်လည်း ကျပ် ၃၉ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာခဲ့ပြီး ဆက်လက်ကျဆင်းလာနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။

“ဈေးတွေကလေ တဖြည်းဖြည်းတော့ ကျမှာပဲ။ စောစောက ကောလာဟလတွေကြောင့် တက်နေတဲ့ သဘောရှိပါတယ်။ အခုတော့ ကောလာဟလလည်း ငြိမ်သွားပြီပေါ့။ ဗဟိုဘဏ်ကလည်း ထိန်းတာရော၊ ဆက်တိုက်ရောင်းတာဆိုတော့ ပြန်ကျသွားပြီပေါ့” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ် နေ သည်။

ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၂၀၀၀၀ တန် ငွေစက္ကူများ အကန့်အသတ်ဖြင့်သာ လဲလှယ်ပေးနေပြီး မတ်လအတွင်း ထွက်ရှိမည်ဆိုသည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်သူများကို အရေး ယူမည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၃၉ သိန်းခွဲအထိ ဆွဲတင်ထားသည့် ပြည်တွင်းရွှေဈေးသည် ကျပ် ၃၉ သိန်းအောက်သို့ ချက်ချင်းကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၉ သိန်းသို့ စတင်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျပ် ၃၉ သိန်းခွဲအထိ သုံးရက်ဆက်တိုက်မြင့်တက်ခဲ့ရာမှ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၃,၈၈၀,၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ယနေ့ ရွှေဈေးနှုန်းများကိုမူ နံနက် ၁၁ နာရီအချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ ကောလာဟလသတင်းများကြောင့် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည်လည်း တစ်ဒေါ်လာ ကျပ် ၃၆၅၀ အထိ မြင့်တက်ခဲ့မှုများရှိပြီး ဗဟိုဘဏ်က ကောလာဟလများကို သတင်းအမှန်များဖြင့် ပြန်ဖြေရှင်းလာခဲ့ခြင်းနှင့် ဒေါ်လာကိုလည်း ဆက်တိုက်ထုတ်ရောင်းပေးလာခြင်းတို့ကြောင့် ဒေါ်လာဈေး အကျဘက်သို့ ပြန်လည်ဦးတည်ကာ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၆၃၀ သို့ ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *