၂၆. ၂. ၂၀၂၄
Written by Nay Aung
အိန္ဒိယအာဏာပိုင်များသည် မီဇိုရမ်ပြည်နယ်တွင် မြန်မာ နိုင်ငံသား ၄ ဦးအား ဖမ်းဆီးမှုအပါအဝင် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင်မူးယစ်ဆေးဝါးတင်သွင်းရန်ကြိုးပမ်းသူ ၆ ဦးကို ပြီးခဲ့သောရက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
အာသံရိုင်ဖယ်တပ်ရင်းနှင့် အခြားအိန္ဒိယရဲတပ်ဖွဲ့များ သည် ပြီးခဲ့သောရက်ပိုင်းတွင် မတူညီသော နေရာနှစ်ခု၌ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သူ ၆ ဦးနှင့်အတူ အိန္ဒိယရူပီး သန်း ၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အာသံရိုင်ဖယ်တပ်ရင်းသည် ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများ အပါအဝင် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများနှင့်အတူ အိန္ဒိယ ရူပီး ၁၄ သန်းကျော်ကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် အဆိုပါ ဖမ်းဆီးရမိခဲ့သော လူခြောက်ဦးကို အသေးစိတ်စစ်ဆေးနေပြီး မြန်မာနိုင်ငံသားလေးဦးနှင့် မီဇိုရမ်ပြည်နယ်တွင်နေထိုင်သည့် အိန္ဒိယနိုင်ငံသား နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားလေးဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကိုအသေးစိတ်စစ်ဆေးပြီးချိန်တွင် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော ပုဒ်မများဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း သိရသည်။ အိန္ဒိယအစိုးရသည် လက်ရှိအချိန်တွင် အိန္ဒိယနှင့်မြန်မာနိုင်ငံကြားထိစပ်နေသော နယ်မြေများ၌ နယ်စပ်ခြံစည်းရိုးခတ်ရန်နှင့်လွတ်လပ်စွာသွားလာခွင့်မှုပြုမှုကို ပြန်ရုတ်သိမ်းထားကာ လုံခြုံရေးတင်းကြပ်ထားကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။


