၂၆. ၂. ၂၀၂၄
Written by Nyein Kyaw

ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ပုဂ္ဂလိကတက္ကသိုလ်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် International School များအနေဖြင့် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

“အဓိက, က ပုဂ္ဂလိကတက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ International School တွေ သူတို့က ကုမ္ပဏီမှတ်ပုံတင်ပဲလုပ်ထားပြီး လုပ်ကိုင်နေတာတွေရှိတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ဟာတွေမို့ ပညာရေးဝန်ကြီးဌာနက ဘယ်လိုလုပ်ကိုင်နေတယ်ဆိုတာကို သိရှိအောင် အကြောင်းကြားရမှာပဲလေ။ နိုင်ငံခြားကျောင်းတွေဆို နိုင်ငံတော်သီချင်းမဆိုတာ၊ နိုင်ငံတော်အလံ အလေးမပြုတာတွေ ရှိတယ်” ဟု ပညာရေးအသိုင်းအဝိုင်းနှင့်နီးစပ်သည့် တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကိုယ်ပိုင်တက္ကသိုလ်များ၊ အထက်တန်းကျောင်းများနှင့် Internation School မှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဖွင့်လှစ်ထားသည့် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများသို့ မှတ်ပုံတင်ဆောင်ရွက်ရန် သွားရောက်စုံစမ်းရန် အသိပေးထားသည်။ အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်းတိုကို မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အလံ လွှင့်ထူထားခြင်းနှင့် အလေးပြုခြင်း မရှိသည့် ပုဂ္ဂလိကကျောင်းများကို စောင့်ကြည့်ရန် ပညာရေးဝန်ကြီးဌာနက စစ်ဆေးရေးအဖွဲများ ဖွဲစည်းထားပြီး ကွင်းဆင်းစစ်ဆေးကာ သတင်းအချက်အလက် ရယူသွားမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားခဲ့သည်။

ထိုပြင် ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများအားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့် တစ်ပြေးညီ တူညီရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က အသိပေးခဲ့သည်။

အလားတူ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံး တစ်ပြေးညီ ဝါတွင်းကာလ၌ ဥပုသ်ရက်နှင့် တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က မှာကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *