၂၂. ၂. ၂၀၂၄
Written by Naing Thuta

ရွှေဘိုမြို့၊ ရွှေဘို-ရေဦးသွားကားလမ်းမပေါ်တွင် စက်ဘီးစီးလာသည့် အဘွားအိုအား ၂၂ ဘီးကားကြီးက ကျော်တက်စဉ် ကြိတ်မိပြီး သေဆုံးမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်)မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွှေဘို-ရေဦးသွားကားလမ်းမအတိုင်း အသက် ၇၁ နှစ်အရွယ် အမျိုးသမီးကြီးသည် အရှေ့မှ အနောက်သို့ Hero တံဆိပ်ပါ အစိမ်းရောင်စက်ဘီးကို စီးနင်းလာခဲ့ရာတွင် လားရာတူ အရှေ့မှ အနောက်သို့ အသက် ၄၁ နှစ်အရွယ် ယာဉ်မောင်းအမျိုးသား မောင်းနှင်လာသော ISUZU GIGA အမျိုးအစား ဖြူပြာရောင် ၂၂ ဘီး မော်တော်ယာဉ်မှ ကျော်တက်စဉ် စက်ဘီးမှာဟန်ချက်ပျက်၍ လဲကျသွားရာက နောက်တွဲယာဉ်ယာဘက် သုံးတန်းမြောက်ဘီးဖြင့် တက်ကြိတ်မိ၍ စက်ဘီးစီးသူတွင် ဝဲဘက်ဂျိုစောင်း ပျော့အိသွားသည့်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာနှင့် ခါးအောက်ပိုင်း ကြေမွသွားသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားသည့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည့်အတွက် ဒသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသူသည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျရပ်(ဒေသအခေါ်)တွင် နေထိုင်၍ စျေးရောင်းနေသူတစ်ဦးဖြစ်ပြီး ယာဉ်မောင်းအမျိုးသားမှာမူ ရွှေဘိုမြို့နယ်၊ ပဂိုးကုန်းကျေးရွာ၌ နေထိုင်သူတစ်ဦးဖြစ်သည်။

ထိုကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး စက်ဘီးကို ကျော်တက်စဉ် နောက်တွဲယာဉ်ဖြင့်တက်ကြိတ်မိကာ လူသေစေခဲ့သည်အထိ မောင်းနှင်ခဲ့သော ယာဉ်မောင်းဖြစ်သူအား ရွှေဘိုမြို့မရဲစခန်းမှ ယာဉ်(ပ)၁/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုရေးဖွင့်လှစ်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *