၂၂.၂.၂၀၂၄
Written by Naing Thuta

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ၊ မြို့မဈေးနှင့် ဘုရားစေတီများတွင် ကျင်လည်ကျက်စားကာ ဆိုင်ကယ်များ လိုက်လံခိုးယူနေသည့် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၊ မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ၊ မြို့မဈေးနှင့် ဘုရားစေတီများတွင် ဆိုင်ကယ်များ မကြာခဏပျောက်ဆုံးနေသည့် အတွက် သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ တရားခံအား ဖမ်းဆီးရမိရေးအတွက် နေ့ည လှည့်ကင်း/ရပ်ကင်း/ဝပ်ကင်းများဖြင့် စောင့်ဆိုင်းဖမ်းဆီးနေချိန် လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ(၁)တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ကြည်နိုင် ဆိုသူအား တန့်ယန်းမြို့၊ ရပ်ကွက်(၅)၊ မြို့နယ်ဘောလုံးကွင်းနှင့် ရွှေမောင်းသီလရှင်ကျောင်း အနီးတွင် ခိုးရာပါ ဆိုင်ကယ်တစ်စီးနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၅ နာရီခန့်တွင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိတရားခံ ကြည်နိုင်အား နယ်မြေခံရဲစခန်းမှ စစ်ဆေးမေးမြန်းရာ ၎င်းသည် တန့်ယန်းမြို့ပေါ်ရှိ မြို့မဈေး၊ ပြည်သူ့ဆေးရုံနှင့် ဘုရားစေတီတို့တွင် ပြည်သူများမှ ခေတ္တရပ်ထားသော ဆိုင်ကယ်များအား လိုက်လံခိုးယူပြီး လားရှိုးမြို့ပေါ်ရှိ အပေါင်ဆိုင်များနှင့် ဆိုင်ကယ်ဝယ်ရောင်းများထံ ပေါင်နှံရောင်းချထားရှိသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းခဲ့ရာ ထိုသိမ်းဆည်းခဲ့သည့်ဆိုင်ကယ်များမှာ ၁၀ စီးခန့်ရှိသည်ဟု သိရသည်။

ထို့ကြောင့် နယ်မြေခံရဲစခန်းမှ ပိုင်ရှင်များထံ ပြန်လည်ပေးရန်အတွက် သိမ်းဆည်းရမိသည့် ဆိုင်ကယ်များကို စနစ်တကျစိစစ်မေးမြန်းပြီး ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပြန်လည် ပေးအပ်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *