၁၉. ၂. ၂၀၂၄
Written by Pan Ei
တေလာဆွစ်ဟာ အခုမျက်မှောက်ခေတ်ရဲ့ အကြီးကျယ်ဆုံး ဖျော်ဖြေသူတွေထဲက တစ်ယောက်ဖြစ်ပြီး အာဆီယံဒေသတွင်းမှာ သူမရဲ့ ဂီတနဲ့ ကြီးပြင်းလာသူ အများအပြားက သူမရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်ဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေကြပါတယ်။ ဒါပေမဲ့ သူမရဲ့ စံချိန်ပေါင်း များစွာချိုးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် The Eras Tour ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့် မတ်လအတွင်း စင်ကာပူနိုင်ငံမှာ ဖျော်ဖြေသွားမှာဖြစ်ပြီး အဲ့ဒီဖျော်ဖြေပွဲဟာ အရှေ့တောင်အာရှမှာ ကျင်းပမယ့် သူမရဲ့တစ်ခုတည်းသော ဖျော်ဖြေပွဲလည်း ဖြစ်တာကြောင့် စင်ကာပူပြင်ပ အာဆီယံ ဒေသတွင်းက ပရိသတ်တွေက ဖျော်ဖြေပွဲကြည့်ရှုနိုင်ဖို့ မျှော်လင့်ချက်နည်းခဲ့ကြရပါတယ်။
တေလာဆွစ်ရဲ့ကမ္ဘာလှည့် Eras Tour ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လက်ရှိမှာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့ကြား တင်းမာမှုတွေ ထွက်ပေါ်လာနေပြီး ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင် က စင်ကာပူဟာ တေလာဆွစ်ကို တခြားအာဆီယံနိုင်ငံတွေမှာ မဖျော်ဖြေဖို့ သီးသန့်သဘောတူညီချက်တစ်ခု ရရှိထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့ဒီ သဘောတူညီချက်မှာ တေလာဆွစ် က စင်္ကာပူနိုင်ငံမှာပဲ သီးသန့်ဖျော်ဖြေပွဲခြောက်ခု ဖျော်ဖြေဖို့နဲ့ တခြားအာဆီယံနိုင်ငံတွေမှာ မဖျော်ဖြေဖို့ ပါဝင်ပြီး အဲ့ဒီဖျော်ဖြေပွဲအတွက် စင်ကာပူအစိုးရက ဒေါ်လာ ၂ သန်းကနေ ၃ သန်းကြား ကမ်းလှမ်းထားတယ်လို့လည်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့တာကြောင့် ထိုင်းနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေနဲ့ လွဲချော်သွားတာကြောင့် ဝမ်းနည်းကြောင်း လည်း ထိုင်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့တာပါ။
တေလာဆွစ် ကမ္ဘာလှည့်ဖျော်ဖြေပွဲကျင်းပရာနိုင်ငံတွေကို အိမ်နီးချင်းနိုင်ငံတွေက ပရိသတ်တွေကပါ လာရောက် အားပေးလေ့ရှိတာကြောင့် ထိုင်းနိုင်ငံကိုလည်း ခရီးသွားတွေ ပိုမိုဆွဲဆောင်နိုင်ဖို့ ဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က အိမ်နီးချင်း စင်္ကာပူရဲ့ ခြေရာကို လိုက်ဖို့ အနာဂတ်မှာ တေလာဆွစ် ရဲ့ဖျော်ဖြေပွဲတွေကို ပံ့ပိုးကူညီဖို့ စီစဉ်နေပြီး ထိုင်းနိုင်ငံကို အရှေ့တောင်အာရှမှာ ဖျော်ဖြေပွဲ ဗဟိုချက်ဖြစ်လာစေချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တေလာဆွစ်ရဲ့ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ဟာ ကမ္ဘာ့တိုက်ကြီး ၅ ခုမှာ ဖျော်ဖြေပွဲပေါင်း ၁၅၁ ကြိမ်နဲ့ သူမရဲ့အကြီးဆုံး ဖျော်ဖြေပွဲဖြစ်ပြီး သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံး ဖျော်ဖြေပွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။ တေလာဆွစ်ရဲ့ စင်ကာပူဖျော်ဖြေပွဲကတော့ မတ်လ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၉ ရက်တွေမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
Ref; The Thaiger

