၁၈. ၂. ၂၀၂၄
Written by Nay Aung

နိုင်ငံတကာရဲတပ်ဖွဲ့ဖြစ်သော အင်တာပိုလ်အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းက ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို သတ်ခဲ့သူအဖြစ် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးလိုက်ပြီး ထိုင်းနိုင်ငံသို့ မကြာမီ ပြန်လည်လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့၊ ဆာရမ်ချိုင် အိမ်ယာအဆောက်အဦးတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသက် ၅၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်ဦးကျော်ဇေယျဆိုသူ အသတ်ခံရကြောင်း၊ ဖုန်းနှင့် ဘတ်ငွေငါးသန်းလည်း ခိုးယူခံရကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာ အသက် ၃၂နှစ်အရွယ်ရှိ ကင်မရွန်းနိုင်ငံသား မစ္စတာ ရောဘင်ဆန်နှင့် အသက် ၃၆ နှစ်အရွယ်ရှိ ဒီလော့ဆိုသူတို့ကို သံသယရှိခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး Thiti Saengsawang က လူသတ်မှုကျူးလွန်သူအဖြစ် အဓိကသံသယရှိသောနိုင်ငံခြားသားနှစ်ဦးသည် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ထိုင်း Lion Air flight SL100 လေကြောင်းခရီးစဉ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်းပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါကင်မရွန်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ရန်အတွက် စင်ကာပူအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကင်မရွန်းနိုင်ငံသားနှစ်ဦးသည် စင်ကာပူနိုင်ငံမှ တူရကီနိုင်ငံသို့ ထပ်မံထွက်ပြေးသွားခဲ့ကြောင်း၊ တူရကီရဲတပ်ဖွဲ့ကလည်း ၎င်းတို့နိုင်ငံအတွင်းရောက်ရှိနေသည့် ကင်မရွန်းနိုင်ငံသားနှစ်ဦး၏အကြောင်းကို အင်တာပိုလ်ထံ အသိပေးအကြောင်း ကြားခဲ့ပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အင်တာပိုလ်သည် လက်ရှိအချိန်တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဇေယျကို သတ်ကာ ထိုင်းဘတ်ငါးသန်းကျော်ခိုးယူသွားခဲ့သည့် ကင်မရွန်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးချိန်တွင် တရားဥပဒေအရရင်ဆိုင်စေရန်အတွက် ထိုင်းနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News