၁၇. ၂. ၂၀၂၄
Written by Nyein Kyaw
ပို့ကုန်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လယ်ယာထွက်ကုန်များ ဈေးကျဆင်းစေရန် ရည်ရွယ်၍ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လဲလှယ်ရမည်ဆိုသည့် သတင်းအမှားများ ထုတ်လွှင့်နေခြင်းသာဖြစ်ပြီး လယ်ယာထွက်ကုန် စိုက်ပျိုးသူများ၊ ကုန်သည်နှင့် ပြည်ပတင်ပို့သူများအနေဖြင့် ပုံမှန်အတိုင်း အရှိန်အဟုတ်မပျက် ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
သတင်းမီဒီယာတစ်ခုမှ “ဗဟိုဘဏ်က ပို့ကုန်ရငွေနဲ့ ပတ်သက်ပြီး ပြန်လည်တင်းကြပ်မှုအဖြစ် ပို့ကုန်ရငွေရဲ့ ၆၅ % ကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ % ကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရှိတော့မှာ” ဆိုသည့် သတင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ ကျဆင်းသွားသည်ဟုဆိုသည့် သတင်းအမှားတစ်ခုကို လွှင့်တင်ထားပြီး နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရေးတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့ တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ အသုံးပြုခွင့်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ အမိန့်ကြော်ငြာစာတွင် “ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း” ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ ၃၅ % ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းဈေးဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ % ကို နေ့စဉ် Online ငွေလဲလှယ်နှုန်းဖြင့် လဲလှယ်အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်အတိုင်း လက်ရှိတွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ အဆိုပါ သတင်းဒီမီယာတွင် ဖော်ပြချက်သည် လက်ရှိကျင့်သုံးနေသည့် မူဝါဒကို ပြောင်းပြန်လှန်ပြီး မဟုတ်မမှန်ပြောကြားနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပဲမျိုးစုံ၊ နှမ်းအစရှိသည့် လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်နှင့် ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များအပါအဝင် ပို့ကုန်လုပ်ငန်းစဉ်၌ ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၂၆/၂၀၂၃ အတိုင်းသာ ဆောင်ရွက်နေပါကြောင်း သတင်းအမှန်ကိုသိရှိပြီး ပို့ကုန်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး အသိပေး ထုတ်ပြန်ထားသည်။
