၁၆. ၂. ၂၀၂၄
Written by Ye Kyaw

ဆန်ဈေးနှုန်းတည်ငြိမ်စေရေး ဧည့်မထဆန် တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် ယနေ့တွင် စတင်ရောင်းချပေးနေသော်လည်း ကြိုတင်သိရှိသူနည်းပါးခြင်းနှင့် ယခင်ကဲ့သို့ ရွှေဘိုပေါ်ဆန်းမပါတော့ဘဲ ဆန်ကြမ်းတစ်မျိုးတည်းသာ ရောင်းချပေးခြင်းတို့ကြောင့် လာရောက်ဝယ်ယူသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့က စရောင်းတဲ့နေ့မို့လားမသိဘူး။ အရင်လို တန်းစီပြီးလာဝယ်တဲ့ပုံစံတော့ မဟုတ်ဘူး။ ဒီမနက် တစ်ယောက်စ၊ နှစ်ယောက်စပဲ ရောင်းရသေးတယ်။ ရောင်းပေးတာ မသိသေးတာလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့လည်း ဒီနေ့မနက်မှ ပိုစတာတွေ ချိတ်တာမို့ မေးပြီးဝယ်တဲ့သူတွေတော့ ရှိပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသော ဆန်ရောင်းချပေးမည့်စာရင်းတွင်ပါဝင်သည့် သင်္ဃကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ ဆန်ဆိုင်မှတာဝန်ရှိသူက ပြော သည်။

ထို့အတူ ယနေ့တွင် ဧည့်မထဆန် တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် ရောင်းချပေးမည်ကို ကြိုတင်ကြေညာခြင်း၊ ယခင်ပုံစံများအတိုင်း ကြိုတင်ဆိုင်းဘုတ်ချိတ်ထားခြင်းများ မရှိခြင်းတို့ကြောင့် ဆန်ရောင်းချပေးမှုကို သိရှိသူနည်းပါးသည့်အပြင် ယခင်က ရောင်းချပေးသလို ရွှေဘိုပေါ်ဆန်းမပါဘဲ ဧည့်မထတစ်မျိုးတည်းသာ ရောင်းချပေးမှုတို့ကြောင့် လာရောက်ဝယ်ယူမှုနည်းပါးနေရခြင်းဖြစ်ကြောင်း သိရသည်။

“အစ်မတို့ဆို ဆန်ရောင်းပေးတဲ့ဆိုင်နဲ့ သုံးအိမ်လောက်ပဲဝေးတဲ့နေရာမှာ ကွမ်းရောင်းနေတာ။ ရောင်းပေးမယ်ဆိုတာကို မသိတာ။ မသိတော့ မဝယ်ဖြစ်ဘူးပေါ့။ အခုက ဧည့်မထဆန်တစ်မျိုးတည်းဆို အဆင်မပြေဘူး။ အခု လူတွေက ဆန်ကြမ်းနဲ့ ဆန်ချော ရောစားကြတာ။ ဆန်ကြမ်းကြီးကြတော့လည်း မစားနိုင်ဘူး။ ဆန်ချောကြီးကြတော့လည်း မတတ်နိုင်ဘူးလေ” ဟု သက်သာသောဈေးနှုန်းနှင့် ရောင်းချပေးနေသည့် ဆန်ဆိုင်အနီးရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်စီစဉ်မှု၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ကုန်စည်ဒိုင်များ၊ ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် ၁၈ မြို့တို့ရှိ ဆန်လက်လီအရောင်းဆိုင် (၅၈) ဆိုင်မှတစ်ဆင့် ယနေ့တွင် စတင်ရောင်းချပေးနေခြင်းဖြစ်သည်။

ရောင်းချပေးမည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်း၊ ပုစွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အင်းစိန် စသည့် ၁၈ မြို့နယ်တို့တွင် ရောင်းချ‌ပေးသွားမည်ဖြစ်သည်။

အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်နယ်များတွင်လည်း အလားတူအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစီစဉ်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအတွက် လိုအပ်ချက်များရှိပါက ကုန်စည်ဒိုင်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *