၁၆. ၂.၂၀၂၄
Written by Min Mahar
ဘီးလင်းမြို့ရှိ မြို့နယ်လျှပ်စစ်ရုံး ထရန်စဖော်မာအား KNU/PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့၍ နေ့စားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိကာ ရုံးအဆောက်အဦအချို့ ပျက်စီးသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက် ၄ နာရီကျော်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ ငွေလက်ခံကောင်တာ၊ ထရန်စဖာအနီးတွင် KNU/PDF အဖွဲ့များမှ မိုင်းထောင်၍ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အသက် ၃၀ အရွယ်ခန့်ရှိသည့် လျှပ်စစ်အလိုင်းမင်း (နေ့စားဝန်ထမ်း)ဖြစ်သူသည် ဝဲဘက်ပခုံးပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဝင်ပေါက်သံတံခါး ၂ ချပ်၊ ဝန်ထမ်းနေအိမ်လိုင်းခန်း သစ်သားတံခါးများ ထိမှန်ပျက်စီး(ကာလတန်ဖိုး ငွေကျပ်သိန်း ၃၀ ခန့်)ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရှိသူသည် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ တပင်ရွှေထီးရပ်ကွက်တွင် နေသူဖြစ်ပြီး တောင်စွန်းတိုက်နယ်ဆေးရုံမှ သထုံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။




