၁၂.၂. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးမှာ တပ်မတော်သားမိသားစုဝင်တွေ၊ ကလေးငယ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကယ်ထုတ်လာတဲ့ စစ်ရေယာဥ်သုံးစီးကို AA က တိုက်ခိုက်တာကြောင့် လိုက်ပါလာသူ ၆၀၀ နဲ့ ၉၀၀ အကြားသေဆုံးခဲ့တယ်ဆိုတဲ့ဖြစ်စဥ်က စစ်သင်္ဘောပုံရိပ်တွေကို AA က ထုတ်ပြန်လာပါတယ်။

ဒီဖြစ်စဥ်မှာ AA အဖွဲ့ဟာ သင်္ဘောနစ်မြုပ်ချိန် ရေကူးလာတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို လှေတွေနဲ့လိုက်ပြီး ရေပေါ်တင်ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့လည်း သတင်းထွက်နေတာဖြစ်ပါတယ်။

AA လက်နက်ကိုင်အဖွဲ့ဟာ ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်က တိုက်ခိုက်ခဲ့တဲ့ ဒီရေကြောင်းတိုက်ပွဲမှာ သူတို့ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော (၃) စီးစလုံးဟာ ချက်ကောင်းကိုထိလို့ အထိနာခဲ့ပြီး သင်္ဘောတွေ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေချိန်မှာ လက်နက်ချ အညံ့ခံဖို့၊ အလံဖြူထောင်ဖို့ လော်စပီကာနဲ့ (၃) ကြိမ်တိုင် ပြောကြားခဲ့ပေမဲ့လည်း တပ်မတော်သားတွေက တန်ပြန်ခုခံတိုက်ခိုက်နေသေးတဲ့အပြင် လေကြောင်းက ဒရော့ဗုံးနဲ့ အပြင်းအထန်ခုခံကာကွယ်ဖို့ပဲ ကြိုးစားနေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဒါကြောင့် AA က စစ်သင်္ဘော (၃) စီးပေါ် လိုက်ပါလာသောသူတွေ အသက်ချမ်းသာရာရရှိမဲ့ အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပြီးပေးချိန်မှာလည်း တပ်မတော်သားတွေက ဒရော့ဗုံးနဲ့စုပြုံပစ်တိုက်ခိုက်နေတာကြောင့် AA လက်နက်ကိုင် ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး သေသူတွေရှိခဲ့တယ်ဆိုပါတယ်။

AA က လက်နက်ချ အညံ့ခံဖို့ပြောတာကိုနားထောင်မယ်ဆိုရင် စစ်သင်္ဘောပေါ်ပါသူအားလုံး အသက်ချမ်းသာခွင့်ရရှိမှာဖြစ်သလို ဒီဖြစ်စဥ်မှာ ရေကူးလာသူတွေကို ကယ်ဆယ်ထားတယ်။ AA က ရေနစ်မြုပ်သူတွေကို လိုက်ကယ်လို့ AA လက်နက်ကိုင်တစ်ယောက်သေတယ်လို့ ​ပြောပေမဲ့ ဒီဖြစ်စဥ်မှာ သုံပန်းဘယ်လောက်ရတယ်ဆိုတာကိုတော့ AA က ထုတ်ပြောနိုင်တာ မရှိခဲ့တာကို တွေ့ရပါတယ်။

 

MT News သတင်းဌာနရဲ့ စုံစမ်းမှုအရလည်း အဆင့်မြင့်အရာရှိနှစ်ဦးအပါအဝင် တပ်မတော်သားမိသားစု ၆၃၇ ဦးလိုက်ပါလာတဲ့ စစ်သင်္ဘောသုံးစီးဟာ AA ရဲ့ တိုက်ခိုက်မှုကြောင့် အားလုံးလိုလိုသေဆုံးခဲ့ရပြီး စစ်သင်္ဘောပေါ်ကနေ ခုန်ချပြီး အသက်ဘေးကလွတ်ဖို့ ရေကူးလာချိန်မှာလည်း AA တပ်သားတွေက သူတို့အညံ့ခံဖို့ပြောချိန် အညံ့မခံလို့ အကုန်လုံးကို ဓားနဲ့လိုက်ခုတ်သတ်ခဲ့တယ်ဆိုတာလည်း မှန်တယ်လို့ ကနဦးစုံစမ်းမှုတွေအရ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး MT News သတင်းဌာနက သတင်းပြန်ကြားရေးက တာဝန်ရှိသူတွေကို ဖေဖော်ဝါရီလ ၉ ရက်ကတည်းက အတည်ပြုမေးမြန်းထားပေမဲ့ လက်ရှိအချိန်အထိ ဖြေကြားလာတာမရှိသေးသလို အတည်ပြုဖြေကြားလာရင်လည်း သတင်းဖြစ်စဥ်အမှန်ကို ဆက်လက်ဖော်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *