၁၀.၂.၂၀၂၄.
Translated by Htwe Ko Tun

ဟောင်ကောင်မြို့သို့ အာဂျင်တီးနားဘောလုံးအကျော် အမော် မက်ဆီ ပါဝင်ကစားနေသော အင်တာမိုင်ယာမီ အသင်းလာရောက်၍ ဟောင်ကောင်အောစတားအသင်း XI နှင့် ဖေဖော်ဝါရီ ၄ ရက်က ချစ်ကြည်ရေးပွဲ ကစားခဲ့ရာတွင် မက်ဆီကစားပုံကို မြင်ရလို၍ မက်ဆီ၏ အသဲစွဲပရိသတ်က ထိုနေ့တွင် အားကစားကွင်းအတွင်း မျှော်လင့်တကြီး လာရောက်စောင့်မျှော်ကြည့်ရှုခဲ့ကြသည်။ သို့သော် ထိုနေ့ကပွဲတွင် မက်ဆီပါဝင်မကစားဘဲ ကွင်းဘေးထိုင်ခုံတွင်သာ တစ်ချိန်လုံးထိုင်နေခဲ့သည်တွင် ပရိသတ်မှာ အထူးပင်မကျေမနပ်ဖြစ်ကြကာ ပွဲအပြီး၌ လှောင်ပြောင်အော်ဟစ်ပြီး လက်မှတ်ခများပြန်ပေးဟု ပင် ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။

အဆိုပါချစ်ကြည်ရေးပွဲသို့ ပရိသတ် ၃၈,၀၀၀ ကျော်လာရောက်အားပေးခဲ့ကြရာတွင် လက်မှတ်တစ်စောင်လျှင် ဟောင်ကောင်ဒေါ်လာ ၄,၈၈၀ (ဘတ်ငွေ ၂၂,၄၀၀) အထိလက်မှတ်ခများကမြင့်တက်ခဲ့ရသည်။ သို့သော် မက်ဆီ က ဝင်ရောက်မကစားခဲ့၍ စိတ်ပျက်မကျေမနပ်ဖြစ်ခဲ့ရသော ပရိသတ်အား တောင်းပန်သည့်အနေဖြင့် ထိုချစ်ကြည်ရေးပွဲကို စီစဉ်ခဲ့သော Tatler Asia မီဒီယာအုပ်စုအား ပရိသတ်အား လျော်ကြေးပြန်လည်ပေးသွားရန် ဖိအားများဖြစ်ပေါ်လာခဲ့သည်။

အထူးသဖြင့် အင်တာမိုင်ယာမီအသင်း ဟောင်ကောင်မှ ဂျပန်သို့ ဆက်လက်သွားရောက်ခဲ့ပြီးနောက် တိုကျိုမြို့တွင်မူ ချစ်ကြည်ရေးပွဲတစ်ပွဲကစားရာ၌ မက်ဆီက မိနစ် ၃၀ ကြာ ဝင်ရောက်ကစားခဲ့သည်တွင် မက်ဆီအသဲစွဲ ဟောင်ကောင်ပရိသတ်မှာ ၎င်းအပေါ် မကျေမနပ်ဒေါသဖြစ်မှု ပို၍မြင့်မားခဲ့ကြရခြင်း ဖြစ်သည်။

Tatler Asia က ပရိသတ်များအားတောင်းပန်သည်အနေဖြင့် လက်မှတ်ကိုင်ဆောင်ထားသူများသို့ လက်မှတ်ခ၏ ၅၀ ရာခိုင်နှုန်း စုစုပေါင်းအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ သန်းကို ပြန်လည်ပေးဆောင်မည်ဟု ဖေဖော်ဝါရီလ ၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်အစိုးရကလည်း ထိုကဲ့သို့ လက်မှတ်ခ လျော်ကြေးပြန်အမ်းမည်ဆိုခြင်းကို ကြိုဆိုခဲ့ပြီး အင်တာမိုင်ယာမီအသင်းအနေဖြင့် မက်ဆီက ဟောင်ကောင်တွင်မူ ဒဏ်ရာကြောင့်ဟုဆိုကာ ကွင်းဘေးထိုင်နေခဲ့ပြီး ရက်အနည်းငယ်အတွင်း ဂျပန်၌မူ ဝင်ရောက်ကစားခဲ့ခြင်းက အဘယ်ကြောင့်ဆိုသည်ကို ရှင်းလင်းသွားရန် ထပ်မံတောင်းဆိုခဲ့သည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News