MT News
၉. ၂. ၂၀၂၄

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ထို့ကြောင့် ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည့်အတွက် မည်သူမဆို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူစားသုံးနိုင်ကြောင်း သိရသည်။

ထို့အတူ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် (ဝတ်စုံပြည့်) အစမ်းလေ့ကျင့်မည့် ၁၀-၂-၂၀၂၄ ရက်နေ့နှင့် အခမ်းအနားကျင်းပပြုလုပ်မည့် ၁၂-၂-၂၀၂၄ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ် ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်းဈေးထောင့် လမ်းဆုံမီးပွိုင့်အထိ ခေတ္တလမ်းပိတ်/ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်၍ ယာဉ်အသုံးပြုသွားလာသူများအနေဖြင့် ၎င်းနေ့ရက်များတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်မှ တော်ဝင်ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့လည်းကောင်း၊ သပြေကုန်း ဈေးထောင့် လမ်းဆုံမီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *