၁. ၂. ၂၀၂၄
Written by Nyein Kyaw

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်‌ဇော်အေးနေရာတွင် ဦးအောင်အောင်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်ကြောင်းနှင့် SAC ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား တာဝန်မှအနားပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ကြေညာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ဦးအောင်ဇော်အေး အစား ဦးအောင်အောင်အား အစားထိုးခန့်အပ် တာဝန်ပေးလိုက်ကြောင်း အမိန့်အမှတ် (၁၁/၂၀၂၄) ဖြင့် ဇန်နဝါရီ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၂/၂၀၂၄) ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်းအား တာဝန်မှအနားယူခွင့်ပြုလိုက်ပြီး အမိန့်အမှတ် (၁၃/၂၀၂၄)ဖြင့် ဦးကျော်မျိုးထွဋ်အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

ထို့နောက် အမိန့်အမှတ် (၁၄/၂၀၂၄) ဖြင့် ဦးမျိုးလှိုင်အား ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး အမိန့်အမှတ် (၁၅/၂၀၂၄)ဖြင့် ဦးထိန်လင်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ထို့အတူ အမိန့်အမှတ် (၁၆/၂၀၂၄) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *