MT News
၂၀. ၁. ၂၀၂၄
KIA နဲ့ PDF တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရဲ့ မြို့မဈေးဟာ ဇန်နဝါရီ ၁၉ ရက် ညဦးပိုင်းကစ နှစ်ဖက်တိုက်ပွဲကြား မီးလောင်ပြာကျသွားတဲ့အပေါ်မှာ KIA နဲ့ PDF ထောက်ခံမီဒီယာတွေက တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လောင်ကျွမ်းတာလို့ သတင်းဖြန့်ပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ KIA နဲ့ PDF ကြောင့် မိုးမိတ်မြို့စျေးမီးလောင်တာလို့ ဒီညမှာ တုံ့ပြန် ထုတ်ပြန်လာပါတယ်။
ဖြစ်စဥ်က ဇန်နဝါရီ ၁၈ ရက်ကစ KIA နဲ့ PDF တွေက မိုးမိတ်မြို့ကို ထိုးစစ်စတင်ပြီး တစ်မြို့လုံးကို သာလွန်အင်အားနဲ့ ဝန်းရံပိတ်ဆို့ တိုက်ခိုက်တာကြောင့် တစ်မြို့လုံးအနှံ့မှာ တိုက်ပွဲတွေဖြစ်နေသလို ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီလောက်မှာ မိုးမိတ်မြို့မစျေး မီးစတင်လောင်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပစ်ခတ်မှုရှိနေတာကြောင့် မီးသတ်သမားတွေလည်း မီးငြှိမ်းသတ်ဖို့ထွက်မလာနိုင်ကြတဲ့အပြင် ဒေသခံပြည်သူတွေကလည်း ထွက်ပြီး မငြှိမ်းရဲတာကြောင့် မိုးမိတ်တစ်စျေးလုံး မီးလောင်ပျက်စီးသွားရတာလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလိုမျိုး မိုးမိတ်စျေးမီးလောင်တဲ့အပေါ် KIA နဲ့ PDF က တပ်ကိုလွှဲချထုတ်ပြန်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ အငြင်းပွားမှုတွေရှိပေမဲ့လည်း တပ်ကလည်း KIA နဲ့ PDF တွေ မြို့သိမ်းတိုက်ပွဲကြောင့် မီးလောင်တာလို့ ထုတ်ပြန်လာခဲ့ပေမဲ့ မြေပြင်မှာတော့ တိုက်ပွဲတွေကြောင့် ဘယ်သူကမှ ဖြစ်စဥ်အမှန်မသိသလို အပြန်အလှန် အပြစ်တင်နေမှုကြားမှာ ပြည်သူ့လူနေမှုဘဝ ပျက်စီးရမှုပဲဖြစ်ပေါ်ခဲ့ပါတယ်။


