၁၇. ၁ .၂၀၂၄
Writer & Photo Heymar

၁၅၉ ကြိမ်မြောက် ဟိန္ဒူရိုးရာ နွားလွှတ်ပွဲနဲ့ အထူးပူဇော်ပွဲကို ကျောက်တန်းမြို့နယ်ရှိ ပီလခတ် စရီ အန်ဂါလဲ အီ(စ်)ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်းမှာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၂ နာရီ မင်္ဂလာအချိန်တော်မှာ ပြုလုပ်ခဲ့ကြပါတယ်။

ရိုးရာအစဥ်အလာတွေအရ နှစ်စဥ်နှစ်တိုင်း နှစ်ဆန်းကောက်ဦးကောက်သစ် ပေါ်ချိန်တွေမှာ အခုလိုရိုးရာပွဲကို ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိပြီး ပထမရက်မှာ မြတ်စွာဘုရားရှင်ကို ကောက်ညှင်းဆန်၊ သကာရည်တို့နဲ့ ကျိုချက်တဲ့ ယာဂုထမင်းကပ်လှူပူဇော်ပွဲ၊ ဒုတိယရက်မှာ တောင်သူ လယ်သမားတွေအတွက် ဂုဏ်ပြုဆုချတဲ့ နွားလွှတ်ပွဲ၊ တတိယရက်က နှစ်ဦးမှာပထမဆုံးအပျိုဖော်ဝင်တဲ့ သမီးပျိုတွေရဲ့ ဘုရားရှင်ကို ပူဇော်ပွဲတွေ ကျင်းပပြုလုပ်တာပါ။

ရိုးရာအစဥ်အလာတွေနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံသား အိန္ဒိယနွယ်ဖွား တမီလ်လူမျိုး တစ်ကိုယ်တော်ပရဟိတသမား ကိုထွန်းမင်းက “အဓိက နွားလွှတ်ပွဲအကြောင်းကို ပြောပြမယ်။ ဒါက တောင်သူလယ်သမားကြီးတွေကို ချီးမြှင့်ဂုဏ်ပြုတာလည်း ဖြစ်သလို ဒီဘက်ခေတ်မှာတော့ ပျော်ပွဲရွှင်ပွဲသဘော သက်ရောက်တာပေါ့။ နွားရဲ့ဦးချိုမှာ ပုဝါချည်ပေးထားတယ်။ အဲ့ဒီ့ပုဝါကို ဖြုတ်ယူနိုင်ရင် တစ်နှစ်ပတ်လုံး လာဘ်ကောင်းရပြီလို့ ကျွန်တော်တို့တွေက မှတ်ယူကြတယ်။ အိမ်ရဲ့ ဘုရားဆောင်မှာ ဆောင်တယ်။ ကားမှာ၊ အလုပ်လုပ်တဲ့ မျက်နှာစာတွေမှာ ချည်ကြဆောင်ကြတယ်” လို့ ရှင်းပြပါတယ်။

ကြေးရတတ်တွေက ကောင်းမွန်စွာမွေးမြူထားတဲ့ နွားကောင်း နွားသန့်တွေကို ဘုရားကျောင်းကို လှူဒါန်းကာ အခုလိုပွဲတော်ချိန်ရောက်တိုင်း နွားလွှတ်ပွဲ ကျင်းပတဲ့အခါ နွားရဲ့ လည်ပင်းမှာစည်းထားတဲ့ ပုဝါ၊ ဦးချိုမှာ ချည်ထားတဲ့ ပုဝါတွေထဲ ရွှေ၊ ငွေ စတဲ့ အဖိုးတန်ပစ္စည်းတွေလည်း ထည့်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ နွားလွှတ်ပွဲမှာ နွားအကောင်ရေ ၃၀ ကျော်ပါဝင်ပြီး လူပေါင်းထောင်ချီလာရောက်ကာ ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ပွဲတော်လာရောက်သူအားလုံးကို ပိလခတ်ဘုရားကျောင်းက သီးစုံပဲကုလားဟင်းနဲ့ အအေးကိုလည်း စတုဒိသာ ကျွေးမွေးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *