၁၂. ၁. ၂၀၂၄

Written by Hey Mar

ကြံတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးယာဥ်တစ်စီး မတော်တဆ တိမ်းမှောက်ရာက ယာဥ်ပေါ်လမ်းကြုံလိုက်ပါလာသူ ​အလုပ်သမား ၆ ဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာနဲ့ လယ်သာကျေးရွာအနီးမှာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်ကြောင့် ယာဥ်ပေါ်လိုက်ပါလာသူ ကြံတင်ပေးတဲ့ လုပ်သား ၇ ဦးအနက် အသက် ၃၅ နှစ်ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး အမျိုးသားလေးဦး အမျိုးသမီးနှစ်ဦး စုစုပေါင်းလူနာ ခြောက်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ကရုဏာရှင် ပရဟိတ အသင်းတာဝန်ရှိသူက “ယာဥ်မောင်းက မူးနေတယ်လို့ သိရတယ်။ အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ ကားနောက်က ကြံပုံပေါ် လိုက်လာသူတွေက အဲ့ဒီကားပေါ် ကြံတင်ပေးတဲ့ အလုပ်သမားတွေပဲ။ လမ်းကြုံ ပြန်လိုက်လာတာမှာ ဖြစ်တာ” လို့ ပြောပါတယ်။

လူနာခြောက်ဦးနဲ့ ကွယ်လွန်သူ တစ်ဦးတို့ကို ကရုဏာရှင်အသင်းက သူနာတင်ယာဥ် သုံးစီးနဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀)ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *