၁၆. ၁. ၂၀၂၄
Written by Hey Mar

အသောက်အစားရှိတာကြောင့် မိသားစုနဲ့ မနေဘဲ သီးသန့်နေထိုင်တဲ့အမျိုးသားတစ်​​ဦး သေဆုံးပြီးတစ်ပတ်ခန့်အကြာ ပုပ်ပွနေမှ မိသားစုက သိရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်က ၃၉ လမ်းနဲ့ ၇၁-၇၂လမ်းကြား ဗန်းမော်ကျောင်းလမ်းမှာဖြစ်ပွားခဲ့ပြီး သေဆုံးသူက အသက် ၅၀ဝန်းကျင်အရွယ်လို့ သိရပါတယ်။ အနံ့ထွက်နေတာကြောင့် အိမ်ကိုဖွင့်ကြည့်မှ သေဆုံးနေမှန်းသိပြီးသက်ဆိုင်ရာကိုအကြောင်းကြားကာ လူမှုကူညီရေးအသင်းကို ရုပ်အလောင်းသယ်ဖို့ အကူအညီတောင်းခဲ့တာလို့ သိရပါတယ်။

မန္တဒေသခံ လူမှုရေးအသင်းက “သူတို့ ဝင်းခြံက အကျယ်ကြီး။ အဲ့ဒီ့ထဲမှာ မိသားစုတွေ အိမ်တစ်လုံးစီနဲ့ နေကြတာဗျ။ သေသူက သောက်စားပြီးရင် ရမ်းကားတော့ မိသားစုက သူနဲ့အတူမနေဘဲ တစ်အိမ်စီခွဲနေကြတာတဲ့။ အရင်ကလည်း သည်လိုပဲ တစ်ပတ် ၁၀ ရက် ပျောက်နေကြမို့ အမှုမဲ့ အမှတ်မဲ့နေရာက အခုလိုသေတာကို မသိကြတာပါ” လို့ MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မန္တလေးပြည်သူ့ဆေးရုံကြီးကို လူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *