သဘာဝတရားရိပ်သာ၏ အောက်ဆီဂျင်အလုပ်ရုံမြင်ကွင်း(ဓာတ်ပုံ-သဘာဝတရားရိပ်သာ)

MT News

Written by Nay Moe

သန်လျင် သဘာဝတရားရိပ်သာတွင် လာရောက်ခိုလှုံနေသူ PDF သုံးဦးနှင့် ဗုံးများ ဖမ်းမိခဲ့ပြီး အဆိုပါ ဖမ်းမိမှုများ မှန်ကန်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သန်လျင် သဘာဝတရားရိပ်သာဆရာတော်၏ အကျိုးတော်ဆောင်တစ်ဦးက MT News သို့ နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းရပ်ကွက်၊ သဘာဝတရားရိပ်သာလမ်း၊ သဘာဝတရားရိပ်သာ၊ အောက်ဆီဂျင်အလုပ်ရုံအပေါ်ထပ်အား လုံခြုံရေးတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ PDF ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့ဖြင့် အဆိုပါနေရာကို နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထပ်မံရှာဖွေခဲ့ရာ ဖမ်းဆီးရမိခဲ့သော PDF ၃ ဦးအနက် တစ်ဦး၏သေတ္တာအတွင်းမှ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သိရပြီး လက်လုပ်ဗုံးများလည်း ဖမ်းမိခဲ့သည်ဟု သိရသည်။

“ဟုတ်ပါတယ်။ သဘာဝတရားရိပ်သာမှာ ကလေးသုံးယောက်ကို လက်လုပ်ဗုံးတွေနဲ့ မိတာပါ။ ဒီကာလမှာ စားစရာမရှိ ဒုက္ခရောက်နေပါတယ်ဆိုပြီး ရိပ်သာကိုလာပြီး ဘုန်းကြီးကျောင်းသားလိုလို လုပ်ကြတာပေါ့။ ဒီလိုမျိုး ကျောင်းသား လာလုပ်ကြတဲ့ ကလေးတွေထဲမှာကို ပါလာတာ။ အခုက ရိပ်သာမှာတွေ့လို့မဟုတ်ဘူး။ သူတို့ဘာသာ လှိုင်မှာလှုပ်ရှားကြတဲ့ ကွင်းဆက်ကနေ တာဝန်ရှိသူတွေက လိုက်လာဖမ်းဆီးစစ်ဆေးတာ။ အဲဒီမှာ လက်လုပ်ဗုံးနဲ့ မိတာ။ ထပ်ရှာတော့ လက်ပစ်ဗုံးပါ မိတာ။ နှစ်လုံး။ ရိပ်သာမှာ ရှိနေတဲ့ တာဝန်ရှိသူတွေကတော့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါတွေက ရှောင်လို့မရဘူး။ ဒီမှာက ဒုက္ခရောက်နေတဲ့သူအကုန်လက်ခံထားရတာ။ လူကလည်း ၄၀၀၀၊ ၅၀၀၀ လောက်ရှိတာကိုး”ဟု သဘာဝတရားရိပ်သာမှ အကျိုးတော်ဆောင်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် သဘာဝတရားရိပ်သာဆရာတော်အနေဖြင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် သာသနာပြုခရီးစဥ်များ ကြွရောက်နေပြီး မလေးရှားနှင့် ထိုင်းနိုင်ငံများသို့လည်း သာသနာပြုခရီးထွက်ခွာခဲ့သည်။ အဆိုပါ ထိုင်းနိုင်ငံခရီးစဥ်မှအပြန် နိုဝင်ဘာ ၂၂ ရက်ညတွင် KNDO လက်နက်ကိုင်အဖွဲ့၏ ပူရိယက္ခစစ်ကြောင်းက သဘာဝတရားရိပ်သာ၏ သာသနာပြုယာဥ်နှစ်စီးအား ပစ်ခတ်တိုက်ခိုက်လုယက်မှုကြောင့် သက်တော် ၂၅ နှစ်အရွယ်ရှိ ဆရာတော်ဦးဇနကပျံလွန်ခဲ့ပြီး ယောဂီလေးဦးလည်း ထိခိုက်ဒဏ်ရာရမှု လတ်တလောတွင်ပင် ဖြစ်ပွားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *