၁၃. ၁. ၂၀၂၄
Written by Hey Mar

ပုဂံဒေသမှာရှိတဲ့ ဉာဏ်တော်မြင့် ဘုရား (၁၁) ဆူကို မိုးကြိုးလွှဲတပ်ဆင်တဲ့လုပ်ငန်းစဉ်တွေ အဆောက်အဦ ဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေပြီး ကျန်ဘုရားတွေကိုလည်း ဆက်လက် တပ်ဆင်သွားမယ်လို့ ရှေးဟောင်းအမွေအနှစ်ပြုပြင်ထိန်းသိမ်းရေးဌာန (ပုဂံဌာနခွဲ)မှ သိရပါတယ်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဝန်ထမ်းတွေနဲ့ Archaeological Survey of INDIA (ASI) အဖွဲ့တို့ ပူးပေါင်းပြီး ပုဂံဒေသဘုရားစေတီတွေ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေဆောင်ရွက်လျက်ရှိကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နဲ့ အဖွဲ့က ပုဂံရှေးဟောင်းနယ်မြေဒေသရှိ သိကြားပုန်းဘုရား ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေတွေ၊ ထီးလိုမင်းလိုဘုရား မိုးကြိုးလွှဲတပ်ဆင်ခြင်းနဲ့ ဘုရား ပရဝဏ်အတွင်းက မူလအုတ်ကြမ်းခင်းတွေ စမ်းသပ်တူးဖော်မှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့စေရေး စနစ်တကျ ဆောင်ရွက်ဖို့၊ မိုးကြိုးလွှဲများ တပ်ဆင်တာကြောင့် စေတီဘုရားတွေ ထိခိုက်မှုမရှိစေရေး စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးသွားဖို့လည်း လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသမှာ ရေကြီးရေလျှံခြင်းနဲ့ ရှေးဟောင်းအဆောက်အအုံတွေရဲ့ တံတိုင်းအတွင်း အနီးပတ်ဝန်းကျင်နေရာတွေမှာ ရေဝပ်မှု ထပ်မံ မဖြစ်ပေါ်စေရေးတို့အတွက် ရှေးဟောင်းရေလမ်းကြောင်းတွေ၊ ရေကန်တွေ ပြန်လည်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီးအစိုးအဖွဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ အလံပုဂံ၊ မရိုးကန်၊ ညောင်လက်ဖက်ကန်တို့ တူးဖော်ပြုပြင်ထိန်းသိမ်းမှုကို ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ တူးဖော်ပြီးစီးခဲ့တဲ့ ရှေးဟောင်းရေကန် (၃) ကန်က စုစုပေါင်း ရေဝင် ဧရိယာ ၄၅၈ ဧက‌ပေကို သိုလှောင်ထိန်းသိမ်းနိုင်မှာဖြစ်ပြီး အခြားရှေးဟောင်း ရေကန် ၁၁ ကန်ကိုလည်း တူးဖော်ပြုပြင်ထိန်းသိမ်းကာ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ကာကွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရှေးဟောင်းအမွေအနှစ်ပြုပြင်ထိန်းသိမ်းရေးဌာန (ပုဂံဌာနခွဲ)အနေနဲ့ မီးကြိုးနဲ့မီတာပုံး၊ မီးခလုတ်တွေစနစ်မကျတာတွေပြန်ဖြုတ်တာတွေ၊ မိုးရွာတဲ့အခါ ဘုရားတွေထဲ ရေမဝပ်အောင်နဲ့ ဘုရားတွေဘယ်လောက်ထိခိုက်မှုရှိနေသလဲ နေ့စဉ်နဲ့အမျှ ကွင်းဆင်းစစ်ဆေးတာတွေလုပ် ဆောင်နေသလို၊ မနှစ်ကမိုးရာသီမှာ မိုးများတဲ့အတွက် ခြုံတွေထူထပ်လာတာမို့ ရှင်းလင်းတာ၊ ဘုရားတွေအပေါ် ညောင်ပင်နဲ့အခြားအပင်တွေ အရင်နှစ်တွေကထက်ပေါက်နေလို့ ရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ပုဂံမှာ ဘုရားဖူးဧည့်သည်တွေအတော်လေး ပြန်များလာတဲ့အတွက် ပလပ်စတစ်အမှိုက်တွေစုပေါင်းကောက်တာ၊ အရေးကြီး၊ တန်ဖိုးကြီးလှတဲ့နံရံဆေးရေးပန်းချီရှိတဲ့ ဘုရားတွေက လင်းနို့တွေကို မောင်းထုတ်တာ၊ ပိုက်ကွန်နဲ့ဖမ်းတာတွေလည်း စနစ်တကျဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News