၁၁. ၁. ၂၀၂၄

Written by Thettant ၊ Heymar

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် မောင်းနှင်လာချိန်အရှိန်မထိန်းနိုင်သည့် Mark II ယာဥ်က တစ်ဖက်ယာဥ်ကြောသို့ရောက်ရှိသွားစဥ် ယာဥ်ကြောမှန်အတိုင်း မောင်းနှင်လာသည့် Allion ယာဥ်က ဝင်တိုက်ရာမှ အမျိုးသမီးသုံးဦးအပါအဝင် ၄ ဦးသေဆုံးမှုဖြစ်စဥ် ယနေ့ညနေက ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၃၃၇/၂-၃)ဖာလုံကြားတွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းပါအမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး လိုက်ပါမောင်းနှင်လာသော Mark II အမျိုးအစား(ခဲရောင်)ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောဖြစ်သည့် မန္တလေး နေပြည်တော် ဘက်ခြမ်းသို့ရောက်ရှိသွားစဉ်၊မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းပါအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ မိန်းကလေးငယ် ၁ ဦး လိုက်ပါမောင်းနှင်လာသော Allion အမျိုးအစား(အဖြူရောင်)ယာဉ်မှ တစ်ဖက်ယာဉ်ကြောမှရောက်ရှိလာသော Mark II ယာဉ်အားခါးလယ်မှဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် Mark II ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးအနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦးသေဆုံးပြီး ကျန်အမျိုးသားနှင့် အမျိုးသမီးတို့ ၂ ဦးထိခိုက်ဒဏ်ရာများရရှိကာ Allion ယာဉ်ပေါ်ပါ ၃ ဦးအနက် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ရသည်ဟု သိရသည်။။

အဆိုပါ ဖြစ်စဥ်ကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး၊ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး၊စကားအင်းအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင်တပ်ဖွဲ့ဝင် ၉ ဦးတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *