MT News
၉. ၁. ၂၀၂၄

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် လူ ၁၂ ဦးတင် ဆောင်လာသော အန်စာတုံးယာဥ်မှ ယာဥ်မောင်းအိပ်ငိုက်ပြီး ရေနှုတ်မြောင်းအုတ်ကန်ဝင်တိုက်ရာမှ လူသုံးဦးသေဆုံးမှု ယနေ့ညဦးပိုင်းက ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၉ ရက် ည ၆ နာရီခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၃၀/၀-၁) ဖာလုံကြားတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော King Long (အဖြူရောင်)အံစာတုံယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းဘဲ လမ်းလည်ကျွန်းရှိ ရေနှုတ်မြောင်းပေါက်အုတ်ကန်အားဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့သည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းပါ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ကျန် ၉ ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်၊ EMS 192 အသင်းပိုင် လူနာတင်ယာဉ်၊ လူမှုကူညီရေးအသင်းပိုင်လူနာတင် ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည့်သူဆေးရုံကြီးသို့ပိုဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကို ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး၊ ပန်းတင်အမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *