၇. ၁. ၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင်းဆီ အိမ်ရာအမိုးပေါ်တွင် ဆောင်းခိုငှက်များ ဖြစ်သော ဟိမဝန္တာလင်းတ အကောင်ရေ ၅၀ခန့်က ခေတ္တ နားခိုခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် ပျံသန်းသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါငှက်များမှာ ဇန်နဝါရီ ၆ ရက် ညနေပိုင်းက လာရောက်နားခိုခဲ့ခြင်းဖြစ်ပြီး အနီးရှိသူများနှင့် ရပ်ကွက်နေသူများက ​​ပြင်းထန်စွာခြောက်လှန့်မောင်းထုတ်ခဲ့ရာမှ လင်းတငှက် ၃​​​ ကောင်မှာ သေဆုံးခဲ့ကာ ကျန်ငှက်များမှာ လိုရာကို ခရီးဆက်သွားကြပြီဖြစ်ကြောင်း ငှက်ချစ်သူတစ်ဦးထံမှ သိရသည်။

ဇန်နဝါရီ ၇ ရက်က ငှက်ဓာတ်ပုံရိုက်ကူးရင်း ငှက်များကို တတ်နိုင်သည့်ဘက်မှစောင့်ရှောက်ပေးသူအချို့က ဟိမဝန္တာလင်းတများရှိရာသို့ သွားရောက်ပြီး အစာများ ကျွေးကာ စောင့်ရှောက်ခဲ့ကြသည်။ ဟိမဝန္တာလင်းတများမှာ အတောင်ဖြန့်လိုက်ပါက အလျား ၇ ပေခန့်ရှိသည့်အကောင်ကြီး မျိုးစိတ်များဖြစ်ပြီး ဆောင်းရာသီတွင် ရောက်ရှိလာသည့် ဆောင်းခိုမျိုးစိတ် ဖြစ်သည်။

ဟိမဝန္တာလင်းတများသည် ခရီးဝေးပျံသန်းရင်း အတောင်ညောင်း၍ ​ခေတ္တ ဆင်းသက်နားခိုကြခြင်းဖြစ်ကြောင်း၊ ယင်းငှက်များမှာ လူများကို အန္တရာယ်မပေးတတ်ကြ​ကြောင်း ငှက်ချစ်သူများထံမှ သိရသည်။

အဆိုပါငှက်များမှာ ၎င်းတို့ဘဝ ရှင်သန်ရေးအတွက် ရွှေ့ပြောင်းပျံသန်းကြရင်း လူအများနေထိုင်ရာသို့ ရံဖန်ရံခါရောက်ရှိလာတတ်ကြောင်း၊ ပတ်ဝန်းကျင်တွင် ထူး​ခြား​သောငှက်များကို တွေ့ရှိပါက ခြောက်လှန့်​ခြင်း၊ဖမ်းဆီးခြင်း မပြုလုပ်ရန် ငှက်ချစ်သူများက တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *