(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများအဆင့်အစည်းအဝေးအား တွေ့ရစဉ်

၂၆. ၁၁. ၂၀၂၂
Written by Nay Moe

ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲနှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ယခုနှစ် စက်တင်ဘာ ၁၇ ရက်စွဲက သံတမန်စာဖြင့် ပေးပို့ပြီး ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ် ခမ် ချောင်ဒရီ အား စက်တင်ဘာ ၁၉ ရက်တွင် ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့အပြီး နိုဝင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်ကြောင်းနှင့် မြန်မာ့နိုင်ငံနှင့် ပိုမိုပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) နှင့် အဆင့်မြင့်အရာရှိကြီးများ နိုဝင်ဘာ ၂၅ ရက်က လာရောက်တွေ့ဆုံမှုတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ တားဆီးနှိမ်နင်းရေး၊ နယ်မြေသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်ပါကြောင်း၊ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားမည်ဖြစ်ပါကြောင်း ပြည်ထဲရေးဝန်ကြီးအား ဆွေးနွေးပြောကြားခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၁၅ ဦး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ ၁၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအစည်းအဝေးတွင် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ် တစ်လျှောက် ကုန်းမြေနှင့် မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ် ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများတိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကြိုတင်ကာကွယ်ခြင်း ပူးပေါင်းဆောင်ရွက် ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော်ခိုးဝင်/ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအားနည်း ချက်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲရလဒ်များနှင့်ပတ်သက်၍ ကြိုတင်မျှော်တွေး သုံးသပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်နိုင်ရေးတို့နှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် အချက် ၁၄ ချက်ကို သဘောတူညီခဲ့ကြသည်။

(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများအဆင့်အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်မှုများ ဆောင်ရွက်ရန်၊ တပ်ရင်းမှူးအဆင့်၊ ဒေသကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတို့ကို နှစ်ဘက် သဘော တူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ် ကျင်းပပြုလုပ်ရန်၊ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်း ပိတ်ဆို့တားဆီးနှိမ်နင်းရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအား ကြိုတင်တားဆီး ကာကွယ်သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင် နယ်စပ်ဖြတ် ကျော်ခိုးဝင်မှုများ ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိကြီးအဆင့် ဆက်သွယ်မှုများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်ကြရန်၊ ယုံကြည်မှုတည်ဆောက်ခြင်း တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်လည်ပတ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန်တို့ကို သဘောတူညီခဲ့ကြသည်။ အဆိုပါ ဆွေးနွေး သဘောတူညီမှုများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *