ကူးစက်မှုအလွန်လျင်မြန်၍ အလွန်အမင်းစိုးရိမ်ဖွယ်အဆင့် Variant of Concern သို့ မရောက်သေးသော် လည်း ဂရုစိုက်စောင့်ကြည့်ရန်လိုဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား

၂၃. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ယခုအခါ နိုင်ငံအချို့တွင် ကူးစက်ဖြစ်ပွားနေမှု စတင်တွေ့ရှိလာရသော ကိုဗစ်-၁၉ ကပ်ရောဂါ၏ဗိုင်းရပ်မျိုးကွဲသစ်ဖြစ်သော JN.1 က ကာကွယ်ဆေးများဖြင့် ကာကွယ်တားဆီးနိုင်သော Variant of Interest အဆင့်တွင်သာရှိသေးပြီး လျင်မြန်စွာကူးစက်ပျံ့နှံ့ကာ လူသားတို့၏အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ရသော ဗိုင်းရပ်မျိုးကွဲ အဆင့် Variant of Concern သို့ မရောက်ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဒီဇင်ဘာလ တတိယပတ်အတွင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

JN.1 ဗိုင်းရပ်မျိုးကွဲက ဗိုင်းရပ် BA.2.86 ၏အုပ်စုဝင်ဖြစ်ပြီး လွန်ခဲ့သည့်လေးပတ်အတွင်း ကူးစက်မှုတိုးတက်လာခဲ့ခြင်းက Variant of Interest အဆင့်သို့ရောက်ရှိလာစေခဲ့ခြင်းဖြစ်သည်။ ၎င်း၏ကူးစက်ပျံ့နှံ့နှုန်းက နိုဝင်ဘာလကုန်တွင် ၃ ရာခိုင်နှုန်းသာရှိရာမှ ဒီဇင်ဘာ ၃ ရက်တွင် ၂၇ ရာခိုင်နှုန်းသို့မြင့်တက်လာခဲ့သည်။ ထိုကာလအတွင်း နိုင်ငံ ၃၇ နိုင်ငံ ပါဝင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မွန်ဂိုးလီးယား နိုင်ငံတို့မှသည် ဩစတြေးလျနှင့် နယူးဇီလန် တို့အထိ အနောက်ပစိဖိတ် ဒေသတွင် JN.1 ၏ ကူးစက်ပျံ့နှံ့နှုန်းက ၁ ရာခိုင်နှုန်းမှသည် ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကိုလည်းတွေ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း ဒီဇင်ဘာလ ၉ ရက်အထိ နှစ်ပတ်တာကာလအတွင်း JN.1 ၏ ကူးစက်ပျံ့နှံ့နှုန်းက ၈ ရာခိုင်နှုန်းမှသည် ၂၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်ကို တွေ့ရပြန်သည်။ ဒီဇင်ဘာ ၂၂ ရက်တွင်မူ အမေရိကန်နိုင်ငံအတွင်း JN.1 ၏ ကူးစက်ပျံ့နှံ့နှုန်းက ၄၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့်လည်း WHO က JN.1 အနေဖြင့် လတ်တလောတွင် စိုးရိမ်ဖွယ်ရာအခြေအနေအဆင့်ဖြစ်သော Variant of Concern အဆင့်သို့မရောက်သေးသော်လည်း ၎င်း၏ ကူးစက်ပျံ့နှံ့နှုန်းလျင်မြန်မှုကြောင့် အထူးသတိထား၍ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် WHO က JN.1 ဗိုင်းရပ်မျိုးကွဲအနေဖြင့် ယခင်ဗိုင်းရပ်မျိုးကွဲများထက် ခံနိုင်ရည်ပိုရှိကာ ပိုမိုပြင်းထန်သော အန္တရာယ်ပေးနိုင်သလားဆိုသည်မှာ မသေချာသေးကြောင်းလည်း ပြောခဲ့သည်။

JN.1 ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံရခြင်း၏ လက္ခဏာများမှာ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား များကိုက်ခဲခြင်း၊ ဖျားခြင်း(သို့မဟုတ်)အအေးမိခြင်းနှင့်အနံ့၊ အရသာပျောက်ခြင်းတို့ဟုလည်း သိရသည်။

Ref :; Reuters , CBS News

Leave a Reply

Your email address will not be published. Required fields are marked *

Related News