၁၅.၁၂.၂၀၂၃
Translated by Htwe Ko Tun

တူရကီနိုင်ငံမှာ Ankaragucu ကလပ်အသင်းနဲ့ Rizespor အသင်းရဲ့ ဒီဇင်ဘာ ၁၁ ရက်ညက Super Lig ပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်မှာ ပွဲအပြီးမကျေမနပ်ဖြစ်ကာ ဒိုင်လူကြီးယူမွတ် မီလာရဲ့မျက်နှာ လက်သီးနဲ့ထိုးခဲ့တဲ့ Ankaragucu ကလပ်အသင်း ဥက္ကဋ္ဌဖာရတ်ကိုကာကို တူရကီဘောလုံးအဖွဲ့ချုပ်(TFF) က ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက်စော်ကားမှုကြောင့် ဘောလုံးလောကမှ ရာသက်ပန်ပိတ်ပင်တဲ့ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပွဲမှာ Ankaragucu အသင်းက တစ်ဂိုး ဂိုးမရှိနဲ့နိုင်နေရာက Rizespor အသင်းက ချေပဂိုးသွင်းယူနိုင်ခဲ့တဲ့ ၉၇ မိနစ်ကို ကျော်မှ ပွဲသိမ်းခရာကို ဒိုင်လူကြီးကမှုတ်ခဲ့ပါတယ်။ဒီမှာ Ankaragucu အသင်းရဲ့ ဥက္ကဋ္ဌ ကိုကာက ပွဲအပြီးမှာ ကွင်းထဲဝင်လာခဲ့ပြီး ဒိုင်လူကြီးမီလာရဲ့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တာပါပဲ။ Ankaragucu အသင်းရဲ့ ပရိသတ်တွေကလည်း ကွင်းထဲဝင်ရောက်လာကြကာ လက်သီးအထိုးခံရလို့လဲကျနေတဲ့ မီလာကို ထပ်မံ ကန်ကျောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို မီလာကို ကိုယ်ထိလက် ရောက်ကန်ကျောက်ခဲ့သူတွေကိုတော့ မည်သူမည်ဝါ ခွဲမသိနိုင်သေးဘူးလို့ ဆိုပါတယ်။နောက်ဆုံးတော့ ကွင်းထဲလဲကျနေတဲ့ မီလာကို ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ အဝတ်လဲခန်းကိုခေါ်သွားခဲ့ရပါတယ်။

 

ဒီဇင်ဘာ ၁၂ ရက်မှာတော့ တူရကီတရားရေးဝန်ကြီးက ကိုကာကို ဖမ်းဝရမ်းထုတ်ခဲ့ကာ တစ်ဆက်တည်းမှာပဲ တူရကီဘောလုံးလောကမှ ရာသက်ပန်ပိတ်ပင်တဲ့ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့တာပါဖွဲ။ ကိုကာက ထိုနေ့မှာပဲ သူ့ရဲ့ရွံရှာစက်ဆုတ်ဖွယ်အပြုအမူကြောင့် Ankaragucu အသင်း ဥက္ကဋ္ဌတာဝန်က နုတ်ထွက်ခဲ့ရပါတယ်။

ဖာရတ်ကိုကာက “ကျွန်တော်အတိအလင်းကြေညာချင်တာက Ankaragucu အသင်း၊ အသင်း ပရိသတ်တွေ၊ကျွန်တော့အသိုင်းအဝိုင်းနဲ့ ကျွန်တော့မိသားစုတို့ပါ တစ်စုံတစ်ရာ မထိခိုက်လေရအောင် ကျွန်တော် Ankaragucu အသင်း ဥက္ကဋ္ဌတာဝန်ကနုတ်ထွက်တယ်ဆိုတာပါ။ ဒီအဖြစ်အပျက်မှာ ချို့ယွင်းချက်တွေ၊ အမှားအယွင်းတွေနဲ့ အကြမ်းဖက်မှုတွေပါ မရှိရလေအောင် သန့်စင်မှုပြုနေတဲ့ ကျွန်တော်တို့ အားကစားလောက၊ အထူးသဖြင့် ဘောလုံးလောကအနေနဲ့ လက်ခံနိုင်မယ်မထင်ဘူး။ တစ်ချိန်တည်းမှာပဲ ဒါမျိုးထပ်မဖြစ်ရလေအောင် တူရကီဘောလုံးလောကရဲ့ ဖွဲ့စည်းပုံပြဿနာတွေကို လက်တွေ့ကျကျ ဆွေးနွေးနိုင်ကြဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒီကိစ္စမှာ ကျွန်တော်နှောင့်ယှက် ဒုက္ခပေးမိသူအားလုံး၊ အထူးသဖြင့် Ankaragucu အသင်းရဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

မျက်နှာကို လက်သီးနဲ့အထိုးခံခဲ့ရတဲ့ ဒိုင်လူကြီး မီလာကတော့ ဆေးရုံတင်ပို့ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်မှာ ဆေးရုံကဆင်းသွားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် ဆေးရုံအဆင်းမှာ သူ့ကိုမေးမြန်းချက်တွေကိုတော့ မီလာက ထူးထူးထွေထွေပြန်လည်ဖြေကြားခြင်းမပြုခဲ့ဘူးလို့သိရပါတယ်။

Ref- The Sun

Leave a Reply

Your email address will not be published. Required fields are marked *