၁၃. ၁၂. ၂၀၂၃
Written by Nay Moe
ဖြူးမြို့ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းကို ဒီနေ့ မနက် ၄ နာရီ ၁၅ အချိန်က တော်ဝင်ဒေါင်းစစ်ကြောင်း၊ ရိုးမ စစ်ကြောင်း(၁)၊ အာဠာဝက စစ်ကြောင်း၊ BLPA နဲ့ KNLA ပူးပေါင်း တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီး ၅ နာရီမှာ စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက အခုထုတ်ပြန်ထားပါတယ်။
ညောင်ပင်သာရဲစခန်း လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ရှိတဲ့အနက် ၃၀ ခန့်သေဆုံးခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပြီး သိမ်းပိုက်ရရှိတဲ့စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
လူအင်အားအနည်းငယ်သာရှိတဲ့ ရဲစခန်းကို စစ်ကြောင်းငါးခု သာလွန်အင်အားနဲ့ ဝင်တိုက်လို့ PDF ထိခိုက်သေဆုံးတာမရှိဘဲ လခရဘက်မှာပဲ ထိခိုက်သေဆုံးမှုတွေနဲ့ အကျအဆုံးများစွာနဲ့ စခန်းစွန့်ခွာထွက်ပြေးကြရတယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ညောင်ပင်သာရဲစခန်းကနေ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့် ၆၀ မမဗုံးသီး ၂၇ ခု၊ G2 တစ်လက်၊ G3 နှစ်လက်၊ ပြောင်းချော လေးလက်၊ BA 94 နှစ်ခု၊ MA-13 တစ်လက်၊ Tear Gas Gun နှစ်ခု၊ လက်ပစ်ဗုံး ခြောက်လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် လေးခု၊ လက်တော့ တစ် လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး တစ်လုံး ၊ ကျည်ကာ နှစ်ခု၊ ဦးထုပ် ငါးလုံး၊ G3 ကျည်ဘောက် ခြောက်ခုနှင့် ၉ လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း Royal Peacock Column ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညောင်ပင်သာရဲစခန်းဟာ PDF တွေ မကြာခဏဝင်ရောက်တိုက်ခိုက်နေတဲ့ ရဲစခန်းဖြစ်ပြီး လူမှုကွန်ရက်မှာလည်း ညောင်ပင်သာရဲစခန်းမီးလောင်နေတဲ့ပုံတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။





