၁၂.၁၂.၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်(ကြို့ကုန်း)အရှေ့ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ် ရေမြောင်းစပ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသောအသက် ၆၀ အရွယ် အမျိုးသားကြီးတစ်ဦး၏အလောင်းကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း အလောင်းသယ်ယူ ကူညီပေးခဲ့သော တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)ထံမှ သိရသည်။
သေဆုံးသော အမျိုးသားမှာ ဦးသက်နိုင်ဆိုသူဖြစ်ပြီး ဘယ်ဘက်နားရွက်ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်နံကြားတွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ညာဘက်နံကြားထိုးသွင်းဒဏ်ရာ ၁ ချက်၊ လည်ပင်းတွင် ဒဏ်ရာ ၃ ချက်၊ ခေါင်းကွဲဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပေါင်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက် စသည့်ဒဏ်ရာများ ရရှိထားကြောင်း သိရှိရသည်။
“ရေမြောင်းက နက်တယ်။ ရေမြောင်းအစပ်မှာ ခြုံစပ်ထဲမှာ သေဆုံးသူကို ကွေးကွေးကလေး တွေ့ရတယ် “ဟု တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ တာဝန်ခံက ပြောသည်။
သေဆုံးနေသော အမျိုးသားကြီး၏ ရုပ်အလောင်းကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ သူနာတင်ယာဥ်ဖြင့် အဖွဲ့ဝင် ၃ ဦးက ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။
သေဆုံးသူနှင့်ပတ်သက်၍ လတ်တလောတွင် ပိုင်ရှင်မပေါ်သေးကြောင်းနှင့် ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
