၁၁. ၁၂. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံအနေဖြင့် EBA (Everything But Arms) သဘောတူညီချက် လာမည့် ၂၀၂၇ ခုနှစ်အထိ အောင် မြင်ခဲ့ခြင်းကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရာတွင် အားသာချက်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
“EBA က ၂၀၂၇ အထိ အောင်သွားတာ။ အောင်သွားတယ်ဆိုပေမဲ့ အဲဒီလောက်ကြီး ပေါ်ပေါ်တင်တင် ပြောရင်တော့ အဆင်မပြေဘူး။ ရင်းနှီးမြှုပ်နှံသူကို ခေါ်ရင်တော့ အားသာချက်ရှိသွားတာပေါ့။ ဒါက ကိုယ်သိတာဆိုတော့ ပေါ်ပေါ်တင်တင်ကြီးပြောရင် အဆင်မပြေသေးဘူး” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
GSP/EBA ဆိုသည်မှာ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေးဖြစ်ပြီး ယင်း အခွင့်အရေးရရှိထားသည့် နိုင်ငံများအနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများ (EU) သို့ ပို့ကုန်များတင်ပို့ပါက အခွန်ကိုကင်းလွတ်ခွင့် (သုညရာခိုင်နှုန်း အခွန်) ကို ခံစားခွင့်ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပေါ် GSP/EBA ခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လက ပြန်လည်ပေးအပ်ခဲ့သည့်အတွက် EU သို့တင်ပို့မည့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့ပါက အထည်အမျိုးအစားအပေါ် မူတည်ကာ အခွန် ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ သက်သာမှုရှိခဲ့ကြောင်း သိရသည်။

EU အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နေသည့် အထည်ချုပ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့နိုင်ငံမှ ချုပ်လုပ်တင်ပို့မည်ဆိုပါက သတ်မှတ်နိုင်ငံများ၏ အခွန်များအတိုင်း ပေးဆောင်ရမည်ဖြစ်သောကြောင့် EU အဖွဲ့ဝင် (ဥရောပနိုင်ငံများ)သို့ တင်ပို့ရာတွင် အခွန်သက်သာခွင့် GSP/EBA အခွင့်အရေး ရရှိထားသည့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး EU အဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူအခွင့်အရေးဆိုင်ရာ ပြဿနာများကြောင့် ဥရောပသမဂ္ဂ (EU) အနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့် GSP/EBA အခွင့်အရေးများကို ၂၀၁၈ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခဲ့မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ EU EBA Monitoring Mission အဖွဲ့နှင့်တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံမှ အထည်ချုပ်အများဆုံး တင်ပို့နေသည့် ၁၀ နိုင်ငံစာရင်းတွင် EU အဖွဲ့ဝင် ခုနစ်နိုင်ငံအထိရှိသည့်အတွက် GSP/EBA အခွင့်အရေး ရုပ်သိမ်းသွားမည်ဆိုပါက ပြည်တွင်း အထည်ချုပ်လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း တင်ပြခဲ့ခြင်းအပြင် လူအခွင့်အရေးဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆက်လက်တင်ပြခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ၂၀၂၇ ခုနှစ် ထပ်မံတိုးမြှင့်ရရှိခဲ့ခြင်းဖြစ်သည်။

