၈. ၁၂. ၂၀၂၃
Written by Nay Moe

ကော့ကရိတ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ KNU နဲ့ PDF တပ်ပေါင်းစုက ကော့ကရိတ်မြို့မှာရှိတဲ့ ခရိုင် လျှပ်စစ်ရုံးကို ဒီနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက ကနဦးသတင်းအရ သိရပါတယ်။

ကော့ကရိတ်ကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၃၀ ကစ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် ဒီဇင်ဘာ ၁ ရက် သန်းခေါင်ကျော်အချိန်ကစ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်နေသလို တိုက်ပွဲပြင်းထန်နေတာ ကိုးရက်ခန့်ရှိနေပြီဖြစ်ပါတယ်။

“လျှပ်စစ်ရုံးထဲမှာ တပ်စွဲထားတယ်ဆိုပြီး ဒရုန်းတွေနဲ့ချ၊ ဗုံးတွေနဲ့ပစ်တော့ လျှပ်စစ်ရုံးက မီးလောင်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲက ဒီနေ့ဆို ၉ ရက်ကြာလာပြီဖြစ်ပြီး မြို့တွင်းမှာ ဒေသခံ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိနေတာကြောင့် PDF တွေနဲ့ KNU လက်နက်ကိုင်တွေ ဖြန့်ကြက်ထားတဲ့မြို့တွင်းမှာ ဖောက်ထွင်းခိုးယူခံရမှုတွေဖြစ်နေသလို မနေ့ကလည်း KNU နဲ့ PDF တွေရဲ့ ပစ်ခတ်မှု တိုက်ပွဲတွေကြား ရတနာလမ်းက နေအိမ်တစ်လုံး မီးလောင်ပြီး ဦးမောင်မောင်တာဆိုသူ လေဖြတ်နေတဲ့အမျိုးသား မီးလောင်သေဆုံးခဲ့ရပါသေးတယ်။

ကော့ကရိတ်လိုပဲ မြို့သိမ်းတိုက်ပွဲဆင်နွှဲခံနေရတဲ့ လွိုင်ကော်ဟာလည်း ပြည်သူ့အိမ်တွေ ခိုးဖောက်ခံနေရမှုများပြားနေလို့ ဒီလိုခိုးဖောက်နေတဲ့ PDF တွေ ဆက်မလုပ်ဖို့ DMO Local PDF က အမိန့်စာထုတ်တားမြစ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *