အစုလိုက်အပြုံလိုက်ပစ်ခတ်မှုများအတွင်း သေဆုံးသူ ၁၉၇ ဦးအထိ ရှိခဲ့

၅.၁၂.၂၀၂၃
Translated by Htwe Ko Tun

၂၀၂၃ ခုနှစ်၏ နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလဆန်းပိုင်း၌ပင် အမေရိကန်ပြည်ထောင်စု၌ လူအစုလိုက် အပြုံလိုက်ပစ်ခတ်မှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့သည့်သတင်းကို The Washington Post သတင်းစာက ဒီဇင်ဘာ ၄ ရက်တွင်ဖော်ပြခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် လူအစုလိုက်အပြုံလိုက်ပစ်ခတ်မူ ယခုအချိန်အထိ ၃၈ မှုရှိကာ စံချိန်တင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှစ်ခုက တက္ကဆက်ပြည်နယ်နှင့်ဝါရှင်တန်ပြည်နယ်တို့တွင် ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့ပြီးအနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၃၆ မှုအထိဖြစ်ပွားခဲ့ရာ ၎င်းက အမြင့်ဆုံးသောစံချိန်ဖြစ်နေရာမှ ယခုနှစ်တွင် ထပ်မံ၍စံချိန်ချိုးလိုက်ခြင်းလည်းဖြစ်သည်။၂၀၂၃ ခုနှစ်၏ ၃၇ ခု မြောက်သောအစုလိုက် အပြုံလိုက်လူသတ်မှုက တက္ကဆက်ပြည်နယ်၊ ဒယ်လက်စ်မြို့တွင်ဖြစ်ပွားခဲ့ပြီး အသက် ၂၁ နှစ်ရှိ လူငယ်တစ်ဦးက အိမ်တစ်လုံးအတွင်း လမ်းသွားတတ်ခါစကလေးငယ်တစ်ဦးအပါအဝင် လူလေးဦးကိုပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက ဒယ်လက်စ်မြို့အရှေ့တောင်ဘက်ရပ်ကွက်တစ်ခုတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းကဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ၎င်းက သီးသန့်ဖြစ်ရပ်တစ်ခုသာဖြစ်၍ အများပြည်သူသို့ ခြိမ်းခြောက်မှုမရှိဟု ပြောခဲ့သည်။

၂၀၂၃ ခုနှစ်၏ ၃၈ ခု မြောက်သော အစုလိုက်အပြုံလိုက်လူသတ်မှုက ဝါရှင်တန်ပြည်နယ်၊ ဗန်ကူးပါးမြို့တွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းကပင်ဖြစ်ခဲ့ကာ မိသားစုဝင်ငါးဦး ၎င်းတို့၏အိမ်အတွင်းရှိနေကြစဉ် အိမ်ထောင်ဦးစီးခင်ပွန်းဖြစ်သူက ၎င်း၏ဇနီး၊ သမီးနှစ်ယောက်နှင့် ညီဖြစ်သူတို့ကိုပစ်သတ်ကာ နောက်ဆုံး ၎င်းကိုယ်၎င်း သတ်သေသွားခဲ့ခြင်းဖြစ်သည်။

Washington Post သတင်းစာ၏ ဒီဇင်ဘာ ၄ ရက်တွင် သတင်းဖော်ပြချက်များအရ ဒယ်လက်စ်မြို့နှင့် ဗန်ကူးပါးမြို့များတွင် ဖြစ်ပွားခဲ့သော အမေရိကန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ ၃၇ ကြိမ်မြောက်နှင့် ၃၈ ကြိမ် မြောက်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပြီးတွင် ဤနှစ်အတွင်း အမေရိကန်နိုင်ငံ၌ လူအစုလိုက်အပြုံလိုက်အသတ်ခံရသူ ၁၉၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

သတင်းတွင် အမေရိကန်နိုင်ငံ၌ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှာ ၂၀၁၉ ခုနှစ်က တိုးလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ကိုဗစ်-၁၉ တင်းကျပ်မှုများနှင့်အတူ လျော့သွားခဲ့ကြောင်း၊ သို့သော် ပုံမှန်ပြန်ဖြစ်လာသည့် ကိုဗစ်-၁၉ အလွန်နှစ်များတွင် အမေရိကန်နိုင်ငံ၌ လူအစု လိုက်အပြုံလိုက်သတ်ဖြတ်မှုများပြန်၍ တိုးတက်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၏ အများစုက ၂၀၀၆ ခုနှစ်ကကဲ့သို့ပင် မိသားစုနေထိုင်ရာ ကိုယ်ပိုင်အိမ်၊ နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။

Ref :; WION

Leave a Reply

Your email address will not be published. Required fields are marked *