◼️ရုရှားအစိုးရအား အထီးကျန်ဖြစ်စေရန် အမေရိကန်၏ ကြိုးစားမှု ကျရှုံးခြင်း Bloomberg သတင်းစာ ဖော်ပြ

၆. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အရှေ့အလယ်ပိုင်းနိုင်ငံနှစ်ခုဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ နှစ်ဖက်အကျိုးတူဆွေးနွေးပွဲများပြုလုပ်သွားရန်အတွက် ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် သွားရောက်လည်ပတ်မည်ဟုသိရသည်။

သမ္မတပူတင်က ဒီဇင်ဘာ ၇ ရက်တွင် အခြားသောအရေးကြီးသည့်ကိစ္စများရှိသောကြောင့် နှစ်နိုင်ငံခရီးစဉ်နှင့် မော်စကိုသို့ လေကြောင်းအပြန်ခရီးတို့ကို ၂၄ နာရီအတွင်း အပြီးပြု လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ သတင်းအချို့အရ သမ္မတပူတင်က ဒီဇင်ဘာ ၇ ရက်တွင် အီရန်သမ္မတ အီဘရာဟင် ရေစီကို မော်စကို၌ လက်ခံတွေ့ဆုံမည်ဟုလည်း ဆိုသည်။

ရုရှားနိုင်ငံသမ္မတ ပူတင်၏ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလည်အပတ်ခရီးစဉ်က ရုရှားနှင့် အာရပ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ယုံကြည်ကိုးစားမှုကို အခြေခံသည့် ဆက်သွယ်မှုများတိုးတက်လာသည့် လက္ခဏာဖြစ်ကြောင်း ရုရှားအစိုးရက ပြောခဲ့သည်။ ထို့ပြင် ထိုခရီးစဉ်က ရုရှားအစိုးရအား အထီးကျန်ဖြစ်စေရန် အမေရိကန်၏ကြိုးစားမှု ကျရှုံးခြင်းကိုဖော်ပြနေသည်ဟုလည်း Bloomberg သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ပူတင်အနေဖြင့် ယူအေအီးနှင့် ဆော်ဒီအာရေဗျနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ကိုဗစ် – ၁၉ စတင်ဖြစ်ပွားသည်မှစ၍ သွားရောက်ခဲ့ခြင်း မရှိပေ။ သို့သော် အာရပ်ခေါင်းဆောင်များနှင့်မူ နိုင်ငံတကာဆွေးနွေးပွဲများတွင်အဆက်အသွယ်ပြု သီးသန့်ဆွေးနွေးမှုများရှိခဲ့သည်။

ပူတင်၏ခရီးစဉ်တွင် ဆွေးနွေးမည့်နိုင်ငံတကာအကြောင်းအရာများအနက် အစ္စရေး-ပါလက်စတိုင်း ပဋိ ပက္ခလည်း ပါဝင်မည်ဖြစ်ပြီး ယူကရိန်းစစ်ပွဲအပေါ် ၎င်း၏အမြင်ကိုလည်း ပူတင်က အာရပ်ခေါင်းဆောင် များသို့ မျှဝေသွားလိမ့်မည်ဟု မျှော်လင့်ရသည်။ ထို့ပြင် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးက နှစ်ဖက်ဆွေးနွေးပွဲ၏ အရေးကြီးသောဆွေးနွေးသည့်အပိုင်းလည်းဖြစ်မည်ဟု ဆိုသည်။

Ref—–Tass.com

Leave a Reply

Your email address will not be published. Required fields are marked *