ယူကရိန်းကို အထောက်အပံ့များ လျှော့ပေါ့ရပ်ဆိုင်းလျှင် စစ်ပွဲတွင် ရုရှားက အနိုင်ရလိမ့်မည်ဟု အိမ်ဖြူတော် သတိပေး

၅. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ကွန်ဂရက်က ယူကရိန်းသို့ငွေကြေးထပ်မံထောက်ပံ့မှုအသစ် ထပ်ပေးရန် သဘောမတူတော့ဘဲ ၂၀၂၃ ခုနှစ်အကုန်တွင် အမေရိကန်၏ ယူကရိန်းသို့အထောက်အပံ့ ပေးနေမှု ရပ်ဆိုင်းသွားတော့မည်ဆိုပါက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အဖို့ စစ်ပွဲကိုအနိုင်ယူသွားလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဒီဇင်ဘာ ၄ ရက်တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဘဏ္ဍာငွေပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး ရှာလန်ဒါ ယန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ထံ စာတစ်စောင်ပေးပို့ခဲ့ရာ၌ အကယ်၍သာ အမေရိကန်၏ ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များကို လျှော့ပေါ့ရပ်ဆိုင်းခဲ့လျှင် ယူကရိန်းကို ရုရှားနှင့်စစ်ပွဲ၌ ဒူးထောက်အညံ့ခံစေရာ ရောက်လိမ့်မည်ဟု ရေးသားဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်ပါတီဝင် သမ္မတဂျိုးဘိုင်ဒန်က ကွန်ဂရက်အား အောက်တိုဘာလအတွင်းကပင် အစ္စရေး- ဟားမားစ်စစ်ပွဲ၌ အစ္စရေးအားအကူအညီပေးရန် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံကို တောင်းဆိုခဲ့သေးသည်။ သို့သော် ကြီးမားလှသော ထိုထောက်ပံ့ငွေပမာဏကို ကွန်ဂရက်၌ခွင့်ပြုချက်ရရန်မှာ အကျပ်တွေ့နေသေးကြောင်းလည်း သိရသည်။

ရှာလန်ဒါယန်းကလည်း ၎င်း၏စာ၌ အမေရိကန်က လက်နက်နှင့်စစ်ဖက်ကိရိယာများ ယူကရိန်းသို့ထောက်ပံ့မှုကို ရပ်ဆိုင်းခြင်းဖြင့် ယူကရိန်းအဖို့စစ်မြေပြင်တွင် အရှုံးနှင့်ရင်ဆိုင်ရန်သာရှိကြောင်း၊ ရုရှားတို့အဖို့ အောင်ပွဲများသာ တိုးတက်ရရှိလိမ့်မည်ဖြစ်ကြောင်းလည်း ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလီဗန်ကလည်း ယူကရိန်းသို့ အထောက်အပံ့ပေးနေမှုများအား ဆန့်ကျင်သွားကြမည်ဆိုပါက စစ်ပွဲ၌ ရုရှားကအနိုင်ရရန် ပို၍လွယ်ကူသွားလိမ့်မည်ဟု ပြောခဲ့သည်။

ယူကရိန်း၏ နွေရာသီအတွင်းက စစ်ပွဲ၌တန်ပြန်ထိုးစစ်ဆင်မှုများမှာ မအောင်မြင်ဘဲဖြစ်ခဲ့ရပြီးနောက် ရုရှားက ဆောင်း ရာသီ၌ တိုက်ခိုက်မှုများအရှိန်မြှင့်လာခဲ့ရာ ယူကရိန်းအစိုးရအနေဖြင့်လည်း အနောက်အုပ်စုအား စစ်ရေးအကူအညီပိုပေးရေးကို တွန်းအားပေးလျက်ရှိသည်။ သို့သော် တတိယနှစ်အတွင်းသို့ အထောက်အပံ့ရောက်ရှိလာပြီဖြစ်သော ယူကရိန်း -ရုရှားစစ်ပွဲ၌ ယူကရိန်းအား အထောက်အပံ့ပိုပေးရေးကို အမေရိကန် ကွန်ဂရက်တွင်လည်း လက်ယာစွန်းကျသော ရီပတ်ဘလီကန်အမတ်များက အဓိက ဆန့်ကျင်နေကြရာ ဂျိုးဘိုင်ဒန်အစိုးရ၏ ယူကရိန်းသို့အကူအညီပေးရေးအစီအစဉ်မှာလည်း ရပ်ဆိုင်းရဖွယ်ရှိနေရသည်။

အမေရိကန်အစိုးရက ယူကရိန်း-ရုရှားစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယူကရိန်းအတွက် အထောက်အပံ့ အမေရိကန်ဒေါ်လာ ၁၁၁ ဘီလျံကို ခွဲဝေပေးခဲ့ပြီးဖြစ်သည်။ ၎င်းတွင် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ဒေါ်လာ ၆၇ ဘီလျံလည်း ပါဝင်သည်။ အမေရိကန်၏ တွန်းအားပေးမှုကြောင့် ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များ ပေးနေကြရသော ဥရောပနိုင်ငံများမှာလည်း ကာလကြာရှည်လာသည်နှင့်အမျှ ယူကရိန်းကဲ့သို့ပင် စစ်ပန်းလာမှုနှင့်အတူ ဆက်လက်ထောက်ပံ့မှုများပေးရန်မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

ထို့ကြောင့်လည်း ရုရှားသမ္မတ ပူတင်အဖို့ လက်ရှိအခြေအနေကို ကျေနပ်အားရလျက်ရှိကာ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ညှိနှိုင်းဆွေးနွေးမှု ပြုဖွယ်မရှိဟုပင် စိုးရိမ်မှုများ အမေရိကန်အဖို့ တိုးပွားလာနေရသည်။

ရုရှားအစိုးရအနေဖြင့် ရုရှားသမ္မတ ပူတင်ကို ချီးကျူး စကားပြောခဲ့သော၊ အမေရိကန်အစိုးရ၏ ယူကရိန်းသို့ထောက်ပံ့နေမှုကိုမေးခွန်းထုတ်ခဲ့သော အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်က ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန်လိုလားလိမ့်မည်ဟုလည်း အမေရိကန်ဘက်က ရှုမြင်ကြသည်။

Ref——CNA

Leave a Reply

Your email address will not be published. Required fields are marked *